သခင်ဘုရား၏ပဌနာတော်အားဆင်ခြင် အောက်မေ့ခြင်း

– ကောင်းကင်ဘုံ၌ရှိတော်မူသော ကျွန်ုပ်တို့၏အဘ။
ကျွန်ုပ်အားကျဆင်းစေမည့် အရာခပ်သိမ်းထက် အားကြီးပြီး ကျွန်ုပ်ကိုချီပင့်မည့် တန်ခိုးတစ်ခုရှိကြောင်း၊ ယနေ့ ကျွန်ုပ်ယုံကြည်နိုင်ဘို့မစတော်မူပါ။

– ကိုယ်တော်၏နာမတော်အားရိုသေ လေးမြတ်ခြင်းရှိပါစေသော။
ကျွန်ုပ်သည် တစ်နေ့ထက်တစ်နေ့ သာ၍ သန့်ရှင်းသော အသက်တာကိုရှင်နိုင်ပါမည့်အကြောင်း နှစ်သက်ဖွယ်သောအရာများကို ခံစားတတ်ဖို့နှင့် ကောင်းမြတ်သောအရာများကို တုန့်ပြန်တတ်ဖို့ ကျွန်ုပ်အားမစတော်မူပါ။

– နိုင်ငံတော်တည်ထောင်ပါစေသော။
ကျွန်ုပ်၏နေ့ရက်များသည် သမရိုးကျ စိတ်ဝင်စားဖွယ် မကောင်းသော နေ့ရက်များ မဖြစ်မည့်အကြောင်း ဘုရားသခင်ကို တိုး၍သိစေမည့်အရာဟူသမျှကို လျှင်မြန်စွာ မြင်တတ်ရန် မစတော်မူပါ။

– အလိုတော်သည်ကောင်းကင်ဘုံ၌ ပြည့်စုံတော်မူသကဲ့သို့ မြေကြီးပေါ် မှာပြည့်စုံပါစေသော။
ဝိညာဉ်ပိုင်းဆိုင်ရာ အယူအဆများသည် မရေရာသော အိမ်မက်များမဟုတ်ဘဲ ကျွန်ုပ်အားသစ္စာစောင့်သည့် တန်ခိုးနှင့် ဤမျက်မှောက် ကမ္ဘာမြေကြီးပေါ်မှာ ကျွန်ုပ်၏အသက်တာကိုလမ်းညွန်သည့် တန်ခိုးတစ်ခုဖြစ် ကြောင်း ကျွန်ုပ်ယုံကြည်ရန်မစတော်မူပါ။

– အသက်မွေးလောက်သောအစာကို ကျွန်ုပ်အားနေ့ရက်အစဉ်အတိုင်း ပေးသနားတော်မူပါ။
ကျွန်ုပ်သည် စိုးရိမ်ကြောင့်ကြစရာမလိုဘဲ ရိုးသားဖြောင့်မတ်စွာ အသက်မွေးဝမ်းကြောင်း ပြုနိုင်ပါမည့် အကြောင်း လမ်းဖွင့်ပေးတော်မူပါ။ သူတစ်ပါး၏ လိုအပ်ချက်များကိုလည်း ကျွန်ုပ်သည် မမေ့ပါစေနှင့်၊ သူတစ်ပါး အကျိုးဖြစ်စေမည့် အရာကိုသာ ကျွန်ုပ်အားအလိုရှိစေတော်မူပါ။

– သူတစ်ပါးသည် ကျွန်ုပ်တို့ကိုပြစ် မှားသောအပြစ်များကို ကျွန်ုပ်တို့သည် လွှတ်သကဲ့သို့ ကျွန်ုပ်တို့၏အပြစ်များကို လွှတ်တော်မူပါ။
သူတစ်ပါးအားနည်းချက်များ အထူးသဖြင့် ကျွန်ုပ်ချစ်သောသူ၏ အားနည်းချက်များကို ကျွန်ုပ်သည် သည်းခံပြီး သနားကြင်နာတတ်စေပါ။ ကိုယ့်ကိုယ်ကိုလည်း မမှားအောင် သမ္မာသတိရှိစေပါ။ မိမိသတ်မှတ်ထားသော စံချိန်ဖြင့် မိမိကိုယ်ကိုတိုင်းတာပြီး ငါဟာ ကောင်းတယ်လို့ထင်မှတ်ကာ မိမိကိုယ်ကို ကြမ်းကြုတ်မှန်းမသိ ကြမ်းကြုတ်ခိုင်မာလာသော သူများကဲ့သို့ ကျွန်ုပ်ကို ဘယ်သောအခါတွင်မျှ မဖြစ်ပါစေနှင့်။ အမြင့်ဆုံးသော စံချိန်ကို ကျွန်ုပ်အားကြည့်မျှော်စေလျှက် ကျွန်ုပ်ကို ကျွန်ုပ်နှိမ့်ချစေပါ။ တစ်ခြားသူများ၏ ကျဆင်းမှုများကို ကြည့်မြင်လျှက် ခွင့်လွတ်တတ်စေပါ။ အကြောင်းမူကား ကျွန်ုပ်ကိုယ်တိုင်လည်း ခွင့်လွှတ်ခြင်းများစွာ ခံရဖို့လိုအပ်သေးကြောင်း ကျွန်ုပ်သိပါ၏။

– အပြစ်သွေးဆောင်ရာသို့ မလိုက်မပါစေဘဲ မကောင်းသော အမှုအရာမှလည်း ကယ်နှုတ်တော်မူပါ။
ဤနေ့အတွင် ကျွန်ုပ်မခံမရပ်နိုင်သော စုံစမ်းခြင်းထဲသို့ သတိကင်းမဲ့စွာ မသက်ဆင်းပါမည့်အကြောင်းနှင့် အကယ်၍ တာဝန်နှင့်ဝတ္တရားအရ စုံစမ်းခြင်း ရှိရာအရပ်သို့ ကျွန်ုပ်သွားရမည်ဆိုပါက ထိုအရာကို ကြောက်ရွံ့ ခြင်းကင်းစွာ ရင်ဆိုင်နိုင်ပါမည့်အကြောင်း ဝိညာဉ်ခွန်အားပေးသနားတော်မူပါ။

– အစိုးပိုင်သောအခွင့်နှင့် ဘုန်းအာနုဘော်တော်သည် ကမ္ဘာအဆက်ဆက် ကိုယ်တော်၌ရှိပါစေသော်။ (အာမင်)
ကိုယ်တော်၏ ကြီးမြတ်ခြင်းသည် ကျွန်ုပ်၏ပတ်လည်အပေါ်မှာသော်လည်းကောင်း ဝန်းရံလျက်ရှိပြီး ကိုယ်တော်၏ ကျေးဇူးတော်သည် ကျွန်ုပ်လိုအပ်သောအရာ အားလုံးအတွက် လုံလောက်ကြောင်း ကျွန်ုပ်နှလုံးသားသည် အစဉ် သိမှတ်ပါစေသော – အာမင်။

-အယ်လ်ဂါ-

Leave a comment