သမ္မာကျမ်းစာမှယောသပ်များ

“သမ္မာကျမ်းစာတွင် ယောသပ် အမည်ရှိ သော ပုဂ္ဂိုလ်(၄) ဦးကို တွေ့ရပါသည်။ (၁) ဦးစီ၏ အသက်တာတွင်လည်း ယုံကြည်သူများအတွက် ဆင်ခြင်စရာများရှိပါသည်။

  1. ကမ္ဘာဦးကျမ်းမှ ယာကုပ်၏သား ယောသပ် ဖြစ်ပါသည်။
  2. သခင်ယေရှု၏ လူဇာတိဖခင်လက်သမား ယောသပ်ဖြစ်ပါသည်။
  3. သခင်ယေရှု၏ အလောင်းကိုလာတောင်း သော အရိမဿဲမြို့သား ယောသပ် ဖြစ် ပါသည်။
  4. တမန်တော်ဝတ္ထု အခန်းကြီး(၁) မှာ ယုဒရှကာရုတ်၏နေရာကို မဿိ နှင့်အပြိုင် အရေးခံသော ယောသပ်ဖြစ်ပါသည်။

(၁)ယာကုပ်၏သားယောသပ် (သစ္စာရှိခြင်း)

ကမ္ဘာဦးကျမ်း(၃၇)တွင် ယောသပ် အ ကြောင်းစတွေ့ရပြီး သူ၏သေဆုံးခြင်းနှင့် ကမ္ဘာဦး ကျမ်းအဆုံးသတ်ပါသည်။ ယောသပ်သည် အသက်(၁၇)ကပင် ရူပါရုံ ရပြီး၊ ရူပါရုံနှင့် ကြီးပြင်းလာသောသူငယ်လေး တစ်ယောက်ဖြစ်ပါသည်။

ဘဝတွင် မည်သို့ပင် အခက်အခဲများရှိ စေကာမူ သူသည် “သစ္စ္စာရှိသောသူတစ်ဦးဖြစ် ကြောင်း တွေ့ရသလို၊ သူ၏ရုပါရုံမှာလည်း ပြည့်စုံလာကြောင်းတွေ့ရပါသည်။

ယာကုပ်တွင် သား(၁၂)ယောက် ရှိသော် လည်း သစ္စာရှိသောသားမှာ “ယောသပ်” ဖြစ် ပါသည်။

သခင်ယေရှုတွင် တပည့်တော်(၁၂)ပါးရှိပြီး “ယုဒရှကာရုတ်မှာ သစ္စာမရှိသော တပည့်ဖြစ် ပါသည်။

ယုဒသည် ငွေကို တပ်မက်မှုကြောင့် သစ္စာမရှိခြင်းဖြစ်ပါသည်။ ချစ်သော မိတ်ဆွေ တပ်မက်မှုက သစ္စာမရှိခြင်းကို ဖြစ်စေသည်။

ယနေ့တပ်မက်မှုနောက်ကိုလိုက်၍ သစ္စာမဲ့ နေသောဘုရားသားသမီးများစွာရှိပါသည်။ သစ္စာရှိခြင်းမှာ ဘုရားသခင်၏ လက္ခဏာ ဖြစ်ပါသည်။

သစ္စာမရှိခြင်းမှာ စာတန်၏ လက္ခဏာဖြစ်ပါသည်။ ဘုရားသားဖြစ်သောသင့်ကို ဘုရား သခင်က သူနှင့်တူဖို့ရန် အလိုတော်ရှိပါသည်။

ယောသပ်၏ အသက်တာတစ်လျှောက်လုံး သစ္စာရှိခြင်းနှင့် လျှောက်လှမ်းလာပါသည်။ ညီအစ်ကိုများက မုန်းတီး၍ ရောင်းစားခြင်းခံရပြီး အဲဂုတ္တုပြည်ပေါတိဖါအမတ်၏ နေအိမ်တွင် လည်းပေါတိဖါကတော်၏ သွေးဆောင်ဖျား ယောင်းခြင်းကို ခံရပါသည်။

သို့သော် ယောသပ်သည် တပ်မက်မှု၏ နောက်သို့မလိုက်ပါ။ ယောသပ်မှာ ကျွန်တစ်ယောက်ဖြစ်ပြီး ပေါတိဖါ အမတ်ကတော်မှာ သူဌေးမကြီးဖြစ်ပါသည်။ ထိုမိန်းမကြီး၏ အကြိုက်ကိုဆောင်ခဲ့လျှင် ယောသပ်အတွက် ငွေရေးကြေးရေး အဆင်ပြေနိုင်ပါသည်။ သို့သော် ယောသပ်သည် “ငွေကြေးတပ်မက်မှု နောက်ကို မလိုက်ခဲ့ပါ။ သူ့ဘဝမှာ သစ္စာရှိသောသူသာဖြစ်ချင်ပါသည်။ ထို့ကြောင့် ဘုရားသခင်၏ ချီးမြောက်ခြင်းကို ခံစားရပါသည်။

ဒုတိယလင်မလုပ်သောယောသပ်ကို ဘုရားသခင်က ဒုတိယရှင်ဘုရင်အဖြစ် ချီးမြောက်ပါသည်။ သင်သည်လည်း သစ္စာရှိသောသူဖြစ်ပါစေ။

၂။ လက်သမားယောသပ် (နာခံခြင်း)

ရှင်မဿဲအခန်းကြီး (၁)နှင့် ခရစ်ဝင်ကျမ်း များတွင် သူ့အကြောင်းတွေ့ရပါသည်။

သူ၏အသက်တာမှာ နာခံခြင်းကို ပုံသက်သေအဖြစ် ကျွန်တော်တို့တွေ့မြင်ရပါသည်။မာရိမှာ ကိုယ်ဝန်ရှိသည်ဟုသိရသောအခါ ယောသပ် တိတ်ဆိတ်စွာ စွန့်ပယ်ဖို့ အကြံရှိပါသည်။ သို့သော်လည်း ဘုရားသခင်က ကောင်းကင်တမန်အားဖြင့် စောင့်ထိန်းရမည်ဟု ပြောသောအခါ သူနာခံပါသည်။ သင်၏ အသက်တာတွင်လည်း နာခံခြင်းကိုဘုရား သခင်အလိုရှိပါသည်။

ယောကျာ်းတစ်ယောက်အနေနှင့် ကိုယ်ဝန်ပါလာသော မိန်းမတစ်ယောက် လက်ထပ်ယူဖို့ရန်မဖြစ်နိုင်ပါ။ ယောသပ်သည် လူ့အနေဖြင့် စွန့်ပယ်မည်ဟု အကြံရှိပါသည်။ သို့သော် ယောသပ်ဘုရားစကားနားထောင်ခဲ့ပါသည်။

မည်မျှထိနားထောင်သနည်း။ “သားဦးကို မဖွားမီတိုင်အောင် သံဝါယမပြုဘဲနေ၏” ဟု ကျမ်းစာမှ ဖော်ပြရာ မာရိကို ညီမလေးတစ် ယောက်ကဲ့သို့ စောင့်ရှောက်နေခြင်း ဖြစ်ပါသည်။

သူတို့နှစ်ဦးသည် လူ့အမြင်မှာ လင်မယားဖြစ်သော်လည်း ဘုရားသခင်အမြင်တွင် မောင်နှမ သာဖြစ်ပါသည်။ ဤသည်ကား ယောသပ်၏ ဘုရားစကားနားထောင်ခြင်း ဖြစ်ပါသည်။သင်လည်း ဘုရားစကားနားထောင်သောသူ ဖြစ်ပါစေ။”

၃။အရိမဿဲမြို့သား ယောသပ် (ရဲရင့်ခြင်း)

အရိမဿဲမြို့သား ယောသပ်မှာ ငွေကြေးပြည့်စုံပြီး အာဏာရှိသော အသိုင်းအဝိုင်းကို ဝင်ဆန့်သော ပုဂ္ဂိုလ်ဖြစ်ပါသည်။ ထို့ကြောင့် ပိလတ်မင်းထံဝင်၍ ယေရှုအလောင်းကို တောင်းခြင်း ဖြစ်ပါသည်။

ဟေရှာယ (၅၃) တွင် ပရောဖက်ပြုထား သည့် ကျမ်းစကား ပြည့်စုံလေ၏။

ကျမ်းစာတချက်တွင် သူ့ကို မထင်မရှား တပည့်တော်ဟု ဖော်ပြပါသည်။ သခင်ယေရှု ဒေသစာရီလှည့်လည်စဉ်တွင် သူသည် သခင် ယေရှု၏ နောက်တော်မှ မထင်မရှားလိုက် ပါခဲ့ပါသည်။ ပေတရုတို့လို တမန်တော်ကြီး များကဲ့သို့ သိသာထင်ရှားခြင်းမရှိပါ။ သို့သော် သခင်ယေရှုကို အာဏာပိုင်များက ညင်းပန်း နှိပ်စက်ပြီး ယခုလို ကားစင်တင်သတ်သော အချိန်တွင် အားလုံးပျောက်ကုန်ကြပါပြီ။ သခင်ယေရှုနှင့်ပတ်သတ်လျှင် ပြဿနာဖြစ်စရာ အကြောင်းတွေ အများကြီးရှိသည်။ နောက်ဆုံး မိမိပါ သေဒဏ်ကျနိုင်သည်။ ထို့ကြောင့် ပေတရု တို့ပင် သခင်ယေရှုကို မသိပါဟု ငြင်းနေကြသောအချိန် ဖြစ်ပါသည်။ ထိုအချိန်တွင် ရဲရင့်စွာနှင့် သခင်ယေရှု၏အလောင်းကို ပိလတ်မင်း ထံတွင် ဝင်ရောက်တောင်းပါသည်။

သူ၏ ရဲရင့်ခြင်းကို အတုယူပါ။ သူ့အသက် အိုးအိမ်စည်းစိမ်ကိုလည်း ဂရုမစိုက်ပါ။ သူသည် သခင်ယေရှုအတွက် ရဲရင့်သောသူ ဖြစ်ပါသည်။

သင်သည်လည်း သခင်ယေရှုအတွက် ရဲရင့်သောသူ ဖြစ်ပါစေ။

၄။ တမန်တော်ဝတ္တုမှယောသပ် (သုံးမရသောသူ)

တမန်တော်ဝတ္တုအခန်းကြီး(၁)တွင် ယုဒရှကာရုတ်၏ နေရာတွင် ယောသပ်နှင့် မဿိ တို့ (၂)ဦး ယှဉ်အရွေးခံရကြောင်း တွေ့ရပါသည်။

ယောသပ်မှာ အရွေးမခံရပါ။ ထိုရွေးခြင်းမှာ လူ့အစီအစဉ်ဖြစ်ပါသည်။ လူ့အစီအစဉ်မှာပင် အရွေးမခံရပါ။ သူ့နာမည်မှာ ကျမ်းစာတွင် ပါသည်ဆိုရုံလေးပင် ဖြစ်ပါသည်။ သူ့အကြောင်းကိုလည်း လူများစွာမသိကြပါ။ သင့်နာမည်လည်း ကောင်းကင်စာရင်း ဝင်ရုံလေးမဖြစ်ပါစေနှင့်။ သင်သည် ဘုရားသခင်နိုင်ငံတော်အတွက် အသုံးရသောသူလား အသုံးမရသောသူလား တမန်တော်ဝတ္တုမှ ယောသပ်၏ အသက်တာမှာ ပုံသက်သေယူစရာမဟုတ်ပါ။ သင်ခန်းစာယူစရာသာ ဖြစ်ပါသည်။ ထိုသူနှင့်တူဖို့ရန် ဘုရားသခင် အလိုမရှိပါ သင်သည် မည်သည့်ယောသပ်နှင့်တူပါသနည်း။ ပြန်လည်၍ မိမိအသက်တာကို ဆင်ခြင်ပါ။ မိတ်ဆွေ ယခုအချိန် ရှိစဉ်တွင် ဘုရားသခင်နိုင်ငံတော်အတွက် အသုံးရသောသူဖြစ်ပါစေ။

စာဖတ်သူ အယောက်စီတိုင်းအပေါ် ဘုရားသခင် ကောင်းကြီးသာ၍ သက်ရောက်ပါစေ။

ဇော်သူလင်း
မြန်မာလူငယ်ပြုစုပျိုးထောင်ရေးသာသနာ

ကရာနီမြန်မာအသင်းတော်၊ ဝါရှင်တန် ဒီစီ ၏ ဧဝံဂေလိနှင့် သာသနာ ကော်မတီမှ 2007 May လတွင် ထုတ်ဝေခဲ့သော Aroma ဝိညာဥ်ရေးရာ စာစောင် အတွဲ (၄) အမှတ် (၅) မှ ပြန်လည် ကောက်နှုတ်တင်ပြထားပါသည်။

Leave a comment