ရူပါရုံရှိသောသူ

သမ္မာကျမ်းစာမှ ယောသပ်၏ အသက်တာကို အခြေခံ၍ အမှုတော်ဆောင်မည့်သူများအတွက် အဓိကထား၍ ဝေငှလိုပါသည်။

ယောသပ်၏ အသက်တာကို (ကမ္ဘာ ၃၇) တွင် စတွေ့ရပါသည်။ (ကမ္ဘာ ၃၇) တွင်ယောသပ် အသက် ၁၇ နှစ် အရွယ်ဖြစ်ပါသည်။ ကမ္ဘာ ၃၇း၁-၈ ကိုဖတ်ကြည့်လျှင် ယောသပ်သည် သူ့အကိုများနှင့်အတူ သိုးထိန်းနေသည် ကို တွေ့ရပါသည် ယောသပ်တို့ညီအစ်ကို များသည် သိုးထိန်းများ၊ တနည်းအားဖြင့်အမှုတော်ဆောင်များ ဟု နားလည်ရပါသည်။ ဤသည်မှာယောသပ်၏ အမှုတော်ဆောင်ဘဝ အစပင်ဖြစ်ပါသည်။ ယောသပ်သည် အခြားသော ညီအစ်ကိုများနှင့် မတူသောအချက်မှာ- ယောသပ်သည် ရူပါရုံရှိသောသူဖြစ်သည်။

မိတ်ဆွေ၊ သင်ရောရူပါရုံရှိရဲ့လား?

ယနေ့ လောကီသားများစွာတို့သည် ရည်ရွယ်ချက်ဖြင့် လောကမှာ အသက်ရှင်နေကြသည်။ ဘုရားသားများ ကတော့ လောကီသားနှင့် ခြားနားစွာ ရူပါရုံနှင့် အသက်ရှင်ကြပါသည်။ရည်ရွယ်ချက်ဆိုသည်မှာ လူက စဉ်းစားထား သောအရာဖြစ်ပါသည်။ ရူပါရုံဆိုသည်မှာ ဘုရားသခင်က သူဖြစ်စေ ချင်သည့်အရာကို လူအား ဖော်ပြခြင်းဖြစ်ပါသည်။

မိတ်ဆွေ သင်သည်ရည်ရွယ်ချက်ရှိတဲ့အမှုတော်ဆောင်လား၊ ရူပါရုံရှိတဲ့အမှုတော်ဆောင်လား ပြန်ဆန်းစစ်ပါ။

ယောသပ်၏ အသက်တာကို ပြန်လေ့လာကြည့်လျှင် နောင်တချိန်မှာ လူအများက ဝိုင်းပြီးရှိခိုးရသောဘဝကို ရောက်ရမည်ဟု သူရည်ရွယ်ထား သည်မဟုတ်ပါ။ မင်းဟာ လူအများက ဝိုင်းပြီးရှိခိုးတဲ့ ဘဝမျိုးဖြစ်ရမည်ဟု ဘုရားသခင်က ဖွင့်ပြခြင်းဖြစ်ပါ သည်။

ရည်ရွယ်ချက်ရှိသောသူများက ကြိုးစားရပါသည်။

ရူပါရုံရှိသောသူများက ယုံကြည်ခြင်းနှင့်အသက်ရှင်ပါသည်။

မိတ်ဆွေ သင်သည် ကြိုးစားပြီးအမှုတော်ဆောင်နေတာလား၊ ယုံကြည်ခြင်းနှင့်အမှုတော်ဆောင်နေတာလား၊

”ဗျာဒိတ်တော်မရှိလျှင် လူတို့သည်အကျိုး နည်းဖြစ်ကြ၏” (ယု ၂၉း၁၈)

ဤကျမ်းစကားကို “Where there is no vision” ဟု “KJV” တွင်ဖော်ပြထားရာ ”ရူပါရုံမရှိလျှင် အကျိုးမရှိဟု နားလည်ရပါသည်။”

ရူပါရုံ မရှိသော ခရစ်ယာန် အသက်တာသည် အကျိုးမရှိပါ၊ ရူပါရုံ မရှိသော အမှုတော်ဆောင်ခြင်းသည် အကျိုးမရှိပါ။

ရူပါရုံရှိခြင်း

ယောသပ်အကြောင်းကို စဖတ်သည်နှင့် ယောသပ်မှာ ရူပါရုံရှိကြောင်း တွေ့ရပါသည်။ ထို့ကြောင့် အမှုတော်ဆောင်ဘဝ အစပြုမည်ဆိုလျှင် ရူပါရုံရှိဖို့ အရေးကြီးပါသည်။ ရူပါရုံရပြီးမှ အမှုတော်ဆောင်ခြင်းကို အစပြုပါ။

မောရှေ

သမ္မာကျမ်းစာမှ ရှင်ပေါလုဖြစ်စေ အခြားသော သာသနာခေါင်းဆောင်များဖြစ်စေ၊ ဆရာယုဒသန် တို့မှစ၍ သူတို့၏ အသက်တာမှာ ရူပါရုံရှိပြီးမှ အစပြုသူများဖြစ်ကြပါသည်။ ရူပါရုံရပြီး အမှုတော်ဆောင်မှသာ မှန်ကန်သော အမှုတော်ဆောင်ခြင်းဖြစ်ပါသည်။

ရူပါရုံရှိသောသူသည် အခြားသူများနှင့်မတူပါ။ ယောသပ်၏ အသက်တာကို ကြည့်ပါက၊ ယောသပ် တို့ညီအစ်ကိုများအားလုံး ဖခင်ကြီး၏သိုး များကိုထိန်းရပါသည်။ ညီအစ်ကိုများအားလုံး ဖခင်တဦးတည်း၏ သားများဖြစ်ကြပါသည်။ (မိခင်မတူပါ) ယနေ့ယုံကြည်သူများဘုရားသခင်၏ သားဖြစ်ခြင်းတူပါသည်။ (အသင်းတော်၊ ဂိုဏ်းဂဏ မတူကြပါ) သို့သော်ယောသပ်၏ အသက်တာသည် အခြားသောညီအစ်ကို များ၏အသက်တာနှင့်မတူပါ။

”ယောသပ်သည် အသက် တဆယ်ခုနှစ်နှစ် ရှိ၍ အစ်ကိုတို့နှင့်အတူ သိုးဆိတ်များကိုထိန်းလေ၏။ အဘ၏ မယား ဗိလဟာ နှင့် ကိလပ ၏ သားတို့နှင့်အတူနေ၍ သူတို့အပြစ်ကို အဘအား ကြားပြောတတ်၏”

ရူပါရုံရှိသောသူ၏ အသက်တာသည် အခြားသူများနှင့် ကွာခြားတတ်ပါသည်။

ရူပါရုံကိုဆုပ်ကိုင်ထားခြင်း

ယောသပ်၊ မောရှေ၊ ရှင်ပေါလု အစရှိသော သမ္မာကျမ်းစာပါ ခေါင်းဆောင်များသည် မည်သည့် အခက်အခဲနှင့် ကြုံပါစေ မိမိရူပါရုံကို ဆုပ်ကိုင်ထားသူများဖြစ်ပါသည်။ သုတ္တံဆရာ ပြောသလို ကောင်းစားခြင်းနှင့် ဆင်းရဲခြင်းက လူကိုဖောက်ပြန်စေတတ်ပါသည်။ ထို့ကြောင့် ကျွန်ုပ်တို့အသက်တာတွင် ခက်ခဲဆင်းရဲခြင်းများ (သို့) ကောင်းစားခြင်းများက ရူပါရုံကို ပျက်စီးစေတတ်ပါသည်။ မိတ်ဆွေရဲ့ ရူပါရုံကို ဆုပ်ကိုင်ထားပါ။

ယောသပ်၏အသက်တာကို လေ့လာကြည့်သောအခါ မည်မျှပင်ခက်ခဲခြင်းကြုံပါစေ သူ၏ ရူပါရုံကို အပျက်စီး မခံပါ၊ ယောသပ်၏ အသက်တာ၌ ပေါ်တိဖါ အမတ်ကတော်က သွေးသား နှင့်ပတ်သက်၍ စုံစမ်းခြင်းကို ခံရပါသည်၊ သို့သော်ယောသပ်သည် လတ်တလောအဆင်ပြေမှု နောက်သို့မလိုက်ပါ၊ လတ်တလောအဆင်ပြေမှု နောက်ကိုက်လျှင် ဒုတိယလင် ဖြစ်ပါမည်၊ ဘုရားသခင်က ယောသပ်ကို ဒုတိယရှင်ဘုရင် ဖြစ်ဖို့ ရူပါရုံ ပေးထားပါသည်။

ယနေ့လည်း လတ်တလော အဆင်ပြေမှုနောက်ကိုလိုက်၍ ရူပါရုံပျောက်သွားသော အမှုတော်ဆောင် များစွာ ရှိပါသည်။ ရူပါရုံကိုဆုပ်ကိုင်ထားပါ။ ဒုတိယလင် မဖြစ်ပါစေနှင့်၊ ယောသပ်ကဲ့သို့ ဒုတိယရှင်ဘုရင် ဘဲဖြစ်ပါစေ။

ရူပါရုံပြည့်စုံခြင်း

ယောသပ်သည် အသက် (၁၇)နှစ်တွင် ရူပါရုံရရှိပြီး၊ အသက် (၃၀) မှသာပြည့်စုံပါသည်။ (ကမ္ဘာ၃၇း၇၊ ၄၁း၄၆) ရူပါရုံပြည့်စုံဖို့ ယောသပ် သည် (၁၃)နှစ် ခန့်သောအချိန်ကာလတာကို ဖြတ်သန်းခဲ့ရသည်။

အာဗြဟံသည် အသက်(၇၅)နှစ်တွင် ရူပါရုံရခဲ့ပြီး၊ အသက်(၁၀ဝ) ကျမှ ပြည့်စုံခဲ့ပါသည်။ (ကမ္ဘာ ၁၂း၄) (ကမ္ဘာ ၂၁း၅) သူ၏ရူပါရုံ ပြည့်စုံဖို့ရန် (၂၅) နှစ်ခန့် ကြာခဲ့ပါသည်။

ဒါဝိဒ်သည် ယောသပ်ကဲ့သို့ ငယ်စဉ်ကပင် ဘုရင်ဖြစ်ဖို့ရန် ဘိသိတ်ပေးခြင်းခံရသော်လည်း သူ၏ အသက်(၃၀) ကျမှ ရူပါရုံပြည့်စုံသည် (၂ဓမ္မ ၅း၄)။ ရူပါရုံပြည့်စုံဖို့ (၁၀) နှစ်ကျော်ခန့် စောင့်ခဲ့ရပါသည်။

ဘုရားသခင်ပေးသော ရူပါရုံရပြီးသော်လည်း ချက်ခြင်း ပြည့်စုံလာသည် မဟုတ်ပါ၊ ရူပါရုံကို ဆုပ်ကိုင်ထားပြီး ယုံကြည်ခြင်းဖြင့် လျှောက်လှမ်းရင်း ပြည့်စုံသော အချိန်သို့ ရောက်လာပါသည်။ ရူပါရုံသည် ဘုရားသခင်ထံမှ လာသောကြောင့် မပြည့်စုံဘဲ မနေပါ သို့သော် ရူပါရုံ မပြည့်စုံမီ ကျွန်တော်တို့ချော်မသွားဖို့ အရေးကြီးပါသည်။

ထို့ကြောင့် ကြီးစွာသောအကျိုးနှင့်ယှဉ်သော သင်တို့၏ ရဲရင့်ခြင်းစိတ်ကို မစွန့်ကြနှင့်။ ဘုရားသခင်၏အလိုတော် ကို ဆောင်ပြီးမှ ကတိတော်အတိုင်း အကျိုးကို ရမည်အကြောင်း သည်းခံခြင်းစိတ် ရှိရမည်” (ဟေဗြဲ ၁၀း၃၅-၃၆)

သမ္မာကျမ်းစာမှ ရူပါရုံမပြည့်စုံမီ စိတ်မပျက်ဖို့ အားပေးထားသော ကျမ်းချက်ဖြစ်ပါသည်။ သမ္မာကျမ်းစာ မှ သွန်သင်ချက်နှင့်အညီ ရူပါရုံ ပြည့်စုံသည်အထိ အလိုတော်ကို ဆောင်လျှက်ဆက် လက်လျှောက်လှမ်းကြပါစို့။

စာဖတ်သူ ဓမ္မမိတ်ဆွေ အပေါ် ဘုရားသခင် ကောင်းကြီး သက်ရောက်ပါစေ။

-ဇော်သူလင်း-
(မြန်မာလူငယ် ပြုစုပျိုးထောင်ရေး သာသနာ)

_________________________________

မှတ်ချက်။    ။ ဝါရှင်တန် ဒီစီ၊ ကရာနီမြန်မာအသင်းတော် ၏ ဧဝံဂေလိနှင့် သာသနာပြုဌါနမှ January 2005 ခုနှစ်တွင် ထုတ်ဝေခဲ့သော Aroma  ဝိညာဥ်ရေးရာ စာစောင် အတွဲ (၂) အမှတ် (၁) တွင် ပါရှိသည့် သိက္ခာတော်ရဆရာ ဇော်သူလင်း ရေးသားသော  “ရူပါရုံရှိသောသူ” ဆောင်းပါးကို ပြန်လည် တင်ပြထားခြင်း ဖြစ်ပါသည်။

Leave a comment