စစ်မှန်သောရောင့်ရဲခြင်းစိတ်သဘော

ရောင့်ရဲတဲ့စိတ်သဘော အပြည့်ရှိသူဟာ ချမ်းသာပြည့်စုံသူဖြစ်တယ်။ စစ်မှန်တဲ့အောင်မြင်မှုကို ပိုင်ဆိုင်ထားသူလည်းဖြစ်တယ်၊ စိတ်အလိုပြည့်ဝသူ ဖြစ်တယ်။
တစ်ချို့ရောင့်ရဲတဲ့စိတ်ကို အယူကောက်မှားကြတယ်၊ ငါ့ဘဝမှာတော်ပြီ၊ ဒီအခြေအနေမှာ ပဲနေတော့မယ်၊ ငါဘာမှမလုပ်တော့ဘူး၊ ရှိတာလေးနဲ့ပဲစားမယ်၊ နေမယ်၊ ဘာမှမတပ်မက်တော့ဘူးဆိုပြီးနေကြသူတွေရှိကြတယ်၊ အဲဒီလူတွေဟာ မိမိဘဝကိုတာဝန်မယူချင်သူတွေ၊ မိမိနှင့်စပ်ဆိုင်တဲ့သူတွေ ကိုတာဝန်မယူချင်သူတွေ၊ မိမိကို ဘုရားပေးအပ်ထားတဲ့ အတိုင်းအတာတွေကို လျှစ်လျူရှုထားတဲ့သူတွေ ဖြစ်တယ်။

ရောင့်ရဲသောစိတ်ဆိုဒါ စိတ်နှလုံးသားအတွင်း အရာခပ်သိမ်း၌ ကျေနပ်မှုအပြည့်ရှိပြီး လျှောက်လှမ်းရတဲ့ တက်လှမ်းတက်ရမဲ့ လှေခါးထစ်တွေကို ဆက်လှမ်းတက်ရဲခြင်းဖြစ်တယ်။ ဒါကြောင့် ရောင့်ရဲမှုစိတ်နဲ့ တက်လှမ်းတဲ့ လှေခါးထစ်တိုင်းဟာ ပင်ပန်းခြင်းမရှိဘူး၊ စိုးရိမ်ပူပန်ခြင်းမရှိဘူး။

တစ်ချို့ရောင့်ရဲမှုစိတ် မရှိသူတွေဟာ လှေခါးထစ်ကို တစ်ထစ်တက်ပြီးတိုင်း မောပန်းနွမ်းနယ်နေကြရတယ်၊ တစ်ထစ်တက်ပြီးတိုင်းလည်း နောက်တစ်ထစ်အတွက်ပူပန်မှု တွေရှိနေကြသေးတယ်။ ရောင့်ရဲမှုမရှိသူတွေရဲ့ အောင်မြင်မှုတိုင်းဟာ ဝမ်းနည်းမှုတွေနဲ့ ဆက်နွယ်နေတယ်။ အောင်မြင်မှုတိုင်းဟာ ပူလောင်ခြင်းတွေနဲ့ လောင်မြိုက်နေကြရတယ်။

ဒါကြောင့် ရောင့်ရဲသောစိတ်ရှိပြီးမှ အရာခပ်သိမ်း ကိုလုပ်ဆောင်ပါ။ ရှင်ပေါလုက ဖိလ္လိပ္ပိသြဝါဒစာထဲမှာ ခပ်သိမ်းသောအရာတို့ကို မစင်ကဲ့သို့ထင်မှတ်တယ် ခပ်သိမ်းသော အရာတို့ကို ရှုံးစေသောအရာကဲ့သို့ ခရစ်တော်ကြောင့် ထင်မှတ်တယ်လို့ဆိုခဲ့တယ်။

ဒါကြောင့် ရှင်ပေါလုဘဝမှာ လိုချင်တာ၊ တပ်မက်တာ၊ ဘာတစ်ခုမှမရှိတော့ဘူး။ သူ့ရဲ့ပိုင်ဆိုင်တဲ့စည်းစိမ်ရာထူး အခွင့်အရာအားလုံးကို အရှုံးကဲ့သို့ ထင်မှတ်ပြီး ထိုင်နေဒါ မဟုတ်ပါဘူး၊ ဘုရားအတွက်၊ ဝိညာဉ်များစွာအတွက်၊ ရဲရဲဝံ့ဝံ့နဲ့ လှုပ်ရှားမှုများစွာနဲ့ သွက်သွက်လက်လက်နဲ့ ဝိညာဉ်တော်ဘုရားရဲ့ လမ်းပြတဲ့အတိုင်း လှေခါးထစ်များစွာကို အဆုံးထိတက်ခဲ့ဒါဖြစ်တယ်။

ရှင်ပေါလုဟာ ရောင့်ရဲတဲ့စိတ်သဘောနှလုံးသား အပြည့်အဝရှိပြီး အရာခပ်သိမ်းကို ကျော်လွှားတက်ခဲ့ပါတယ်။ ဒါကြောင့် ရောင့်ရဲတဲ့စိတ်ဆိုဒါ လောကကိုအောင်မြင်ခြင်းထဲက တစ်ခုအပါအဝင်ဖြစ်တယ်။

ရောင့်ရဲမှုအပေါ်မှာအခြေပြုပြီး ပညာရှာပါ၊ စီးပွါးရှာပါ၊ ဘုရားဆောင်ရွက်စေလိုသော အရာခပ်သိမ်းကို လုပ်ဆောင်ပါ။ စိုးရိမ်ပူပန်မှုမရှိဘဲ ကျော်လွှားနိုင်ပါလိမ့်မယ်။

“ရောင့်ရဲသောစိတ်ပါလျှင်၊ ဘုရားဝတ်၌ မွေ့လျော်ခြင်းသည် ကြီးစွာသော အကျိုးစီးပွားမှန်၏။” (၁တိ ၆း၆)

သောင်းနိုး (Thawngno)

ဝန်ခံချက်။ ။ စောသူရ (ဘားအံ) ရေးသော “ရောင့်ရဲခြင်း” ဆောင်းပါးကို ထပ်ဆင့် ကိုးကားတင်ပြထားခြင်းဖြစ်ပါသည်။

Leave a comment