အသွေးတော်အားဖြင့် ရရှိသော ပို့ဆောင်ကောင်းကြီးပေးခြင်း နှင့် ကွယ်ကာစောင့်ရှောက်ခြင်း ဆုကျေးဇူးများ

ယနေ့ အသင်းတော် အတော်များများသည် ခရစ်တော်၏ အသွေးတော်အား အပြစ်များမှ ခွင့်လွှတ်ခြင်း ကို ရရှိပြီး ခွင့်လွှတ်ခြင်းအားဖြင့် တမလွန်ဘဝတွင် ထာဝရ အသက်ရရှိရန် ကယ်တင်ခြင်းရရှိကြောင်း ကို သွန်သင်ဟောပြောကြသော်လည်း အသွေးတော်အားဖြင့်  လက်ရှိ ဘဝတွင် ပို့ဆောင်ကောင်းကြီးပေးခြင်း နှင့် ကွယ်ကာစောင့်ရှောက်ခြင်း ဆုကျေးဇူးများကိုလည်း ရရှိနိုင်ကြောင်း ဟောပြောရန် အားနည်းတတ်ကြသည်။

ပို့ဆောင်ကောင်းကြီးပေးခြင်း

ခရစ်တော် ကားတိုင်ပေါ်တွင် အသတ်ခံခြင်းဖြင့် လူသားအားလုံး၏ အပြစ်များအားလုံးတို့ကို ဆေးကြောသန့်စင် ခဲ့ပြီးဖြစ်သလို စာတန်မာရ်နတ်ကို အနိုင်ယူလိုက်ခြင်း လည်းဖြစ်သည် ကို အောက်ပါကျမ်းပိုဒ်များကို ဖတ်လျှင် နားလည်သဘောပေါက်နိုင်ပါသည်။

“… ခရစ်တော်သည် အသေခံတော်မူ သောအားဖြင့်၊ သေခြင်းတရားကို အစိုးရသော သူတည်းဟူသော မာရ်နတ်၏ တန်ခိုးကိုချိုးဖဲ့ ဖျက်ဆီး ခြင်းငှါ၎င်း” (ဟေဗြဲ ၂း၁၄)

“မှောင်မိုက်တန်ခိုးမှလည်း ငါတို့ကိုနှုတ်၍၊ ချစ်တော်မူသော သားတော်၏နိုင်ငံထဲသို့ သွင်းတော်မူ၏။” (ကောလောသဲ ၁း၁၃)

“… မာရ်နတ်အမှုတို့ကို ပယ်ဖျက်ခြင်းငှါ၊ ဘုရားသခင်၏ သားတော်သည် ထင်ရှားပေါ်ထွန်းတော်မူ၏။”  (၁ ယော ၃း၈)

ခရစ်တော်သည် ကားတိုင်ပေါ်တွင် အသွေးတော်သွန်းခြင်းဖြင့် စာတန်နှင့် သူ၏မှောင်မိုက် မိစ္ဆာတန်ခိုးအာဏာ အလုံးစုံတို့ကို အနိုင်ယူခဲ့ပြီးဖြစ်သည်။ ထို့ကြောင့် စာတန်နှင့် အပေါင်းအပါတို့ ၏ စုံစမ်းခြင်း နှောက်ယှက်ခြင်း၊ ဒုက္ခပေးခြင်း တို့နှင့်ကင်းပြီး အောင်မြင်ခြင်းသို့ ရရန်၊ ပို့ဆောင်စောင့်မခြင်း ဆုကျေးဇူးကို ခံစားရန် ခရစ်တော်၏ အသွေးတော်ကို အားဖြင့် အသနားခံ တောင်းလျှောက်ရန် လိုအပ်သည်။

ဘုရားသခင်သည် ခရစ်တော်၏ အသွေးတော်အားဖြင့် ကျွန်ုပ်တို့ကို တန်ခိုးအာဏာ များကို ပေးထားခဲ့ပြီး ဖြစ်သည်။

“သင်တို့သည် မြွေ၊ ကင်းမြီးကောက်တို့ကို နိုင်ရသောအခွင့်နှင့် ရန်သူများကိုနိုင်ရသော အခွင့်တန်ခိုးကို ငါပေး၏” (လု ၁၀း၁၉)။

“နတ်ဆိုးအပေါင်းတို့ကို နိုင်သောတန်ခိုး နှင့် အနာရောဂါတို့ကို ငြိမ်းစေခြင်းငှါ အခွင့်တန်ခိုးကို ပေးတော်မူ၏” (လု ၉း၁)။

“ထာဝရဘုရားသည် စုံလင်သော စေတနာစိတ် ရှိသောသူတို့ဘက်၌၊ ခိုင်ခံ့စွာ နေခြင်းငှါ၊ မြေကြီးတပြင် လုံးကို အနှံ့အပြားကြည့်ရှုလျက် ရှိတော်မူ၏” (၂ ရာ ၁၆း၉)။

ကွယ်ကာစောင့်ရှောက်ခြင်း

ဓမ္မဟောင်းကျမ်းစာတွင် ဂျုးလူမျိုးများ အီဂျစ်ပြည်မှ မထွက်ခွါခင် နောက်ဆုံးညတွင် ဘုရားသခင်က သိုးသူငယ် ကို သတ်စေပြီး အသွေးကို အိမ်တံခါးထုပ်နှင့် တံခါးတိုင် နှစ်ဖက်တွင် သုတ်ခိုင်းသည်။ ဤသို့ပြုလုပ်ခြင်း အားဖြင့် သိုးသူငယ်၏ အသွေးသုတ်လိမ်းသော အိမ်အတွင်းတွင် နေထိုင်သော သူတို့ အပေါ် ဘုရားသခင်၏ ကွယ်ကာခြင်း စောင့်ရှောက်ခြင်း ဆုကျေးဇူးကို ရရှိစေသည်။ သိုးသူငယ် ၏ အသွေးသုတ်လိမ်းခြင်း မရှိသော အဲဂုတ္တု လူတို့၏အိမ်တွင် နေထိုင်သူတို့ကို ဘုရားသခင် ကွယ်ကာစောင့်ရှောက်ခြင်း မရှိသဖြင့် သားဦး အားလုံး သုတ်သင်သတ်ဖြတ်ခြင်း ခံရသည်။ သိုးသူငယ်၏ အသွေးသည် ဂျုးလူမျိုး များကို ကွယ်ကာ စောင့်ရှောက်ခဲ့သည်။ ထိုနည်း၎င်း၊ ဓမ္မသစ်ကာလ ရောက်သောအခါ ခရစ်တော်သည် ကျွန်တော်တို့၏ အပြစ်များကို ဖြေလွှတ်ရန် နှင့် ပို့ဆောင်ကောင်းကြီးပေးရန် အပြင် ကွယ်ကာစောင့်ရှောက်ရန် အတွက် ကရာနီကုန်းပေါ်တွင် အသွေးတော်ကို သွန်းလောင်းခဲ့သည်။ ကွာခြားချက်တစ်ခုသာရှိသည်။ ဓမ္မဟောင်းခေတ်က သိုးသူငယ် အသွေး၏ ကွယ်ကာစောင့်ရှောက်ခြင်းသည် ယာယီ အတွက် ဖြစ်ပြီး၊ ယေရှုခရစ် အသွေးတော်၏ ကွယ်ကာစောင့်ရှောက်ခြင်းသည် ထာဝရ အတွက်ဖြစ်သည်။

အသွေးတော်၏ ထာဝရ ကွယ်ကာစောင့်ရှောက်ခြင်း ဆုကျေးဇူးသည် သင်နှင့် သင့်မိသားစုကို လူဆိုးသူခိုးတို့၏ ဘေး၊ သဘာဝဘေး၊ ရောဂါဝေဒနာဆိုးတို့၏ဘေး၊ အရှက်တကွဲ အကျိုးနည်း ဖြစ်ခြင်း၊ နှင့် လောကတွင် ကြုံတွေ့နိုင်သော ဘေးဒုက္ခအားလုံးတို့မှ ကွယ်ကာစောင့်ရှောက်နိုင်သော တန်ခိုးရှိပါသည်။ သင်၏ စည်းပွါးရေး နှင့် လုပ်ငန်းကိုင်ငန်းတွင် လည်း ဘေးဒုက္ခ မရောက်ရလေအောင် ကွယ်ကာစောင့်ရှောက်နိုင်သော တန်ခိုးရှိပါသည်။

ကယ်တင်ခြင်း နှင့် အကြွင်းမဲ့ဆက်ကပ် အပ်နှံခြင်း

ခရစ်တော်၏ အသွေးတော်အားဖြင့် ခွင့်လွှတ်ခြင်းတရား၊ ပို့ဆောင်ကောင်းကြီးပေးခြင်း ဆုကျေးဇူး နှင့် ကွယ်ကာ စောင့်ရှောက်ခြင်း ဆုကျေးဇူး တို့ကို ရရှိနိုင်ရန် လိုအပ်ချက်ရှိသည်။ ပထမ အချက်မှာ ကယ်တင်ခြင်း ရရှိပြီးသူ ဖြစ်ရန် လိုအပ်သည်။ ဓမ္မဟောင်းကာလတွင် သိုးသူငယ်၏ အသွေးအားဖြင့် ပို့ဆောင်ကောင်းကြီး ပေးခြင်း ကို ရရှိသည်ဟု ဆိုသော်လည်း ဘုရားသခင်၏ ရွေးကောက်တော်မူခြင်းကို ခံရသော လူမျိုးဖြစ်သော ဂျုးလူမျိုးထဲ တွင် ပါဝင်ရန် လိုအပ်သကဲ့သို့ ခရစ်တော်၏ အသွေးတော်အားဖြင့် ခွင့်လွှတ်ခြင်းတရား၊ ပို့ဆောင်ကောင်းကြီးပေးခြင်း ဆုကျေးဇူး နှင့် ကွယ်ကာ စောင့်ရှောက်ခြင်း ဆုကျေးဇူး တို့ကို ရရှိနိုင်ရန် ကယ်တင်ခြင်းရရှိပြီးသူ တည်းဟူသော ယုံကြည်သူ အဖွဲ့တွင် ပါဝင်ရန် လိုအပ်သည်။ ခရစ်ယာန်ဖြစ်ရုံမျှ နှင့် ခရစ်တော်၏ အသွေးတော် အားဖြင့် ခွင့်လွှတ်ခြင်းတရား၊ ပို့ဆောင်ကောင်းကြီးပေးခြင်း ဆုကျေးဇူး နှင့် ကွယ်ကာ စောင့်ရှောက်ခြင်း ဆုကျေးဇူး တို့ကိုမရရှိ နိုင်ပါ။ ကယ်တင်ခြင်း ရရှိပြီးသူ ဒုတိယအကြိမ်မွေးဖွါးခြင်း ကို ခံရပြီးသူ အတွက်သာဖြစ်သည်။

ဒုတိယ အချက်မှာ အကြွင်းမဲ့ ဆက်ကပ်အပ်နှံသော သူ ဖြစ်ရန် လိုအပ်သေးသည်။ အသွေးတော်အားဖြင့် ပြီးပြည့်စုံသော ခွင့်လွှတ်ခြင်းတရား၊ ပို့ဆောင်ကောင်းကြီးပေးခြင်း ဆုကျေးဇူး နှင့် ကွယ်ကာ စောင့်ရှောက်ခြင်း ဆုကျေးဇူး တို့ကို ရရှိရန် အတွက် ကိုယ်၊ စိတ်၊ ဝိညာဥ် သာမက မိမိ၏ ဘဝ တစ်ခုလုံးကို ဘုရားသခင်ထံ ဆက်ကပ် အပ်နှံရန် လိုအပ်သည်။

ထိုကြောင့် အသွေးတော်အားဖြင့် ပြီးပြည့်စုံသော ခွင့်လွှတ်ခြင်းတရား၊ ပို့ဆောင်ကောင်းကြီးပေးခြင်း ဆုကျေးဇူး နှင့် ကွယ်ကာ စောင့်ရှောက်ခြင်း ဆုကျေးဇူး တို့ကို ရရှိရန် အတွက် ဤသို့ဆုတောင်းပါလေ…

အဖဘုရားသခင် . . . ကျွန်တော်/ကျွန်မ ၏ ကိုယ်၊ စိတ်၊ နှလုံးသုံးပါးစလုံးနှင့် ဘဝတစ်ခုလုံးကို ခရစ်တော်၏ အသွေးတော်မြတ်အားဖြင့် ရစ်ပတ် လျက် ကောင်းကြီးပေးတော်မူပါ။ စာတန်မာရ်နတ်နှင့် အပေါင်းအပါတို့၏ စုံစမ်းနှောက်ယှက်ခြင်းနှင့် ဘေးအန္တရယ် အားလုံးတို့ကို ခရစ်တော်၏ အသွေးတော်အားဖြင့် ပယ်ရှားပါ၏။ ရောဂါဆိုး အားလုံးတို့ကိုလည်း ခရစ်တော်၏ အသွေးတော်အားဖြင့် ပယ်ရှားပါ၏။ ခရစ်တော်၏ ကယ်တင်ခြင်း တရားကို အကြွင်းမဲ့ ယုံကြည် ၍လက်ခံပါသည်။ အသွေးတော်အားဖြင့် ပြီးပြည့်စုံသော ကွယ်ကာမှုကို ချပေး သနားတော်မူပါ။ နာမတော်မြတ်၌ ဆုတောင်းပါသည်။

ဤ ဆုတောင်းချက်ကို တကြိမ်သာ မဟုတ်ဘဲ သတိ ရလျှင် ရသည့်အတိုင်း ဆုတောင်းပါ။ ခရစ်တော်၏ အသွေးတော်မြတ် ကြောင့် ပြီးပြည့်စုံသော ခွင့်လွှတ်ခြင်းတရား၊ ပို့ဆောင်ကောင်းကြီးပေးခြင်း ဆုကျေးဇူး နှင့် ကွယ်ကာ စောင့်ရှောက်ခြင်း ဆုကျေးဇူး အပေါင်းတို့ကို ဧကန် မုချ ခံစားလာရမှာပါ။

 

ခရစ်တော်၏ အသွေးတော်မြတ်၌

 

သောင်းနိုး (Thawngno)

April 24, 2019

Leave a comment