တစုံတရာဖြစ်လာတဲ့အထိ ဆုတောင်းပါ

ကျွန်တော်တို့ ဆုတောင်းတဲ့အခါ တစုံတရာဖြစ်လာသည့်တိုင်အောင် ဇွဲမလျှော့ဘဲ ဆုတောင်းတတ်ဖို့ လိုအပ်ပါတယ်။

ပရောဖက် ဧလိယကို ပုံဥပမာ ယူဖို့ ဖြစ်တယ်။ ဣသရေလတိုင်းပြည်မှာ သုံးနှစ်ခွဲလောက် မိုးခေါင်ခဲ့တဲ့အချိန်မှာ ဧလိယ မိုးရွာဖို့ ဆုတောင်းခဲ့ပါတယ်။ သူဆုတောင်းနေချိန်မှာ သူ့ရဲ့ကျွန်ကို ပင်လယ်ဆီသွားသွားပြီး ကြည့်ခိုင်းပါတယ်။ တကြိမ်၊ နှစ်ကြိမ်— ဘာမှမရှိ၊ မတွေ့ရပါဘူး၊ ဒါပေမဲ့ ဧလိယ ဆက်ဆုတောင်းနေခဲ့ပါတယ်။ ခုနစ်ကြိမ်ပြီးမှ လူလက်နှင့်တူတဲ့ မိုးတိမ်ငယ်တစ်ခုကိုတွေ့ရပါတယ်။ အဲဒီနောက်ပိုင်းမှ ပြင်းစွာမိုးရွာတယ် ဆိုတာကို တွေ့ရပါတယ်။ (၃ရာ ၁၈း၄၁-၄၆၊ ယာ ၅း၁၇-၁၈)

ကျွန်တော်ယုံကြည်တယ်၊ ခုနစ်ကြိမ်အထိ ပင်လယ်ထဲမှာ ဘာမှမတွေ့ရသေးဘူးဆိုရင်လဲ တွေ့ ရတဲ့အထိ ဧလိယ ဆက်ဆုတောင်းနေဦးမှာပါ။

ကျွန်တော်တို့ အသက်တာမှာလည်း ဘယ်အချိန်ကာလ အထိတိုင်အောင်၊ ဘယ်နှစ်ကြိမ်တိုင်အောင် ဆုတောင်းရမယ် ဆိုတာထက် ကျွန်တော်တို့ရဲ့ ဆုတောင်းသံအပေါ် ဘုရားသခင်နားညောင်းပြီး လက်တော်ရွေ့လျားလာတဲ့အထိ ဒါမှမဟုတ် တစုံတရာဖြစ်လာတဲ့အထိ ဆုတောင်းဖို့ လိုအပ်ပါတယ်။
အသက်တာထဲမှာ —

  • စိတ်ဓါတ်ကျဆင်းစရာတွေ ကြုံလာတဲ့ အချိန်မှာတစုံတရာဖြစ် လာတဲ့အထိ ဆုတောင်းပါ။
  • ငွေကြေးပိုင်းဆိုင်ရာခက်ခဲလိုအပ်လာချိန်မှာ တစုံတရာဖြစ် လာတဲ့အထိ ဆုတောင်းပါ။
  • ခန္မာပိုင်းဆိုင်ရာ ကျန်းမာခြင်းလိုအပ်လာချိန် မှာတစုံတရာဖြစ် လာတဲ့အထိ ဆုတောင်းပါ။
  • မိတ်ဆွေတွေက ကိုယ့်အပေါ်နားလည်မှုတွေ လွဲနေရင် တစုံတရာဖြစ် လာတဲ့အထိ ဆုတောင်းပါ။
  • ဘဝလမ်းခရီးမှာ မှောင်မိုက်နေ ပြီလို့ ခံစားရချိန်မှာ တစုံတရာဖြစ် လာတဲ့အထိ ဆုတောင်းပါ။
  • အသင်းတော်ထဲမှာ၊ ပြဿနာ ရှုပ်ထွေးလာချိန်မှာ တစုံတရာဖြစ် လာတဲ့အထိ ဆုတောင်းပါ။
  • မိသားစုထဲမှ ပြဿနာ ရှုပ်ထွေးလာချိန်မှာ တစုံတရာဖြစ် လာတဲ့အထိ ဆုတောင်းပါ။

ဘုရားသခင်သည်လောကတွင်ရှိသော မည်သည့်အရာထက်မဆို တန်ခိုးကြီးပါတယ် “တန်ခိုးကြီးဘုရားသခင့်ဘက်တော်သားဖြစ်သော သင်တို့၌တည်တော်မူသောအရှင်သည် ဤလောက၌ တည်သောအရှင်ကြီးထက်ကြီးမြတ်တော်မူသောကြောင့် ထိုသူတို့ကို သင်တို့အောင်ကြလေပြီ။” (၁ ယော ၄း၄)

“ထာဝရဘုရားသည် မကယ်မတင်နိုင်အောင် လက်တော်တိုသည်မဟုတ်။ မကြားနိုင်အောင် နားတော်ထိုင်းသည် မဟုတ်။” (ဟေရှာယ ၅၉း၁)

ဘုရားသခင်ရဲ့ လက်တော်ရွေ့လျားလာပြီး တစုံတရာ ဖြစ်တည် လာဒါကို လက်တွေ့ တွေ့မြင် ခံစားရမှာဖြစ်ပါတယ်။

သောင်းနိုး (Thawngno)
မှတ်ချက်။ ဆရာ စိုးဝင့်အောင် ရေးသော P-U-S-H ဆောင်းပါးကို ကိုးကားထားပါသည်။

Leave a comment