ခရစ္စမတ်၏ စစ်မှန်သောအဓိပ္ပါယ်

ကျွန်ုပ်တို့သည် နှစ်အလီလီ ကို ဖြတ်သန်းခဲ့ သလိုခရစ္စမတ်ပေါင်း များစွာကိုလဲဆင်နွဲခဲ့ကြသည်။ ကျွန်ုပ်တို့ ဆင်နွဲ ပျော်ပါးခဲ့ ကြရသည့် ခရစ္စမတ်များစွာတို့ ရဲ့ အဓိပ္ပါယ် ကို တကယ်တန်းနားမလည်ဘဲ ပျော်ပါးခဲ့ ကြသူတွေလဲ အမြောက်အများရှိသည်။ ခရစ္စမတ်၏ စစ်မှန်တဲ့ အဓိပ္ပါယ်ကို အလွယ်ကူဆုံး အရိုးရှင်းဆုံး ပြောရမယ်ဆိုလျင် ခရစ်တော်ကို ကိုးကွယ်ခြင်းဖြစ်သည်။ ခရစ်တော် မွေးဖွါးခဲ့ တဲ့ အချိန်မှာဖြစ်စေ ယခုခေတ် အချိန် မှာဖြစ်စေ ခရစ္စမတ် အချိန်အခါ သမယမှာ ယေရှုခရစ်တော် ကို ကိုးကွယ်သူ လူတစုအပြင် နောက်ထပ်အုပ်စု နှစ်မျိုးကို လည်း တွေ့ရှိရသည်။

ဟေရုဒ်မင်းကြီး နှင့်ပထမအုပ်စု

ဟေရုဒ်မင်းကြီးသည် သမိုင်းတလျှောက်တွင် စစ်မှန်သော ခရစ္စမတ် ကို အဓိကဆန့်ကျင်သော အုပ်စု၏ အစ ကနဦးဖြစ်သည်။ မသဲ ၂း၂-၄ တွင် “ယခု ဘွားမြင်သောယုဒရှင်ဘုရင်သည်၊ အဘယ်မှာရှိတော်မူသနည်း။ အရှေ့ပြည်၌ သူ၏ကြယ်ကို ငါ တို့မြင်ရသည်ဖြစ်၍ ဖူးတွေ့ပူဇော်ခြင်းငှါ ရောက်လာပြီဟု မေးမြန်းပြောဆိုကြ၏။ ထိုစကားကိုကြားလျှင် ဟေရုဒ်မင်းကြီးသည် ယေရုရှလင်မြို့သူမြို့သား အပေါင်းတို့နှင့်တကွ စိတ်ပူပန် ခြင်းသို့ ရောက်သဖြင့်၊ ယဇ်ပုရောဟိတ်အကြီးတို့နှင့်လူတို့တွင် ကျမ်းပြုဆရာရှိသမျှတို့ကို စုဝေးစေ၍ ခရစ်တော်ကို အဘယ် အရပ်မှာ ဘွားမြင်လိမ့်မည်နည်းဟု မေးမြန်းတော်မူ၏။” ဟု ရေးသားထားသည်။

ဟေရုဒ် မင်းကြီးနှင့် ယေရုရှလင် မြို့သူ မြို့သားတိုသည် ယေရှု မွေးဖွါးသည် သတင်းစကားကို ကြားသိရသော အခါ ဝမ်းမြောက်ဝမ်းသာ ဖြစ်ရမည့် အစား စိတ်ပူပင် သောက ရောက်ခဲ့သည်။ စိတ်ပူပင်သောက ရောက်ပြီးနောက် လိမ်လည် လှည့်စားရန် ကြံစည်ကျိုးပန်းခဲ့သည်။ မသဲ ၂း၈ တွင် “သင်တို့သွား၍ ထိုသူငယ်ကိုကြိုးစားရှာကြပါ။ တွေ့လျှင် ငါ့ထံသို့ပြန်လာ၍ ငါလည်း ထိုသူငယ်ကို ဖူးတွေ့ပူဇော်ရအောင် ကြားပြောကြပါဟု မှာထားတော်မူလျက်၊ ဗက်လင်မြို့သို့ စေလွှတ်လေ၏။” ဟုဆိုသည်။ သူသည် စိတ်ပူပင် သောက ရောက်သည်ကို ကွယ်ဝှက်ပြီး ယေရှုခရစ်တော်ကို ချစ်ဟန်ဆောင်၊ ခဲ့သည်၊ တနည်းအားဖြင့် ခရစ္စမတ် ကို ကြိုက်နှစ်သက်ဟန်ဆောင်ခဲ့သည်၊ ခရစ်တော် သို့မဟုတ် ခရစ္စမတ် ၏ နှစ်လိုဖွယ် ပရိတ်သတ် အဖြစ်ဟန် ဆောင်ခဲ့သည်။ သို့သော် နောက်ဆုံးတွင် သူငယ်ယေရှု ကို အမှန်တကယ် ချစ်ခြင်း မဟုတ်ဘဲ ဖျက်ဆီးပြစ်ချင် ခဲ့သည်ကို တွေ့ရှိရသည်။

ခရစ္စမတ် ရာသီ ရောက်တိုင်း မြို့ကြီးများတွင် ရောင်စုံမီးများ တပ်ဆင်ကြသည် ကုန်တိုက်ကြီးများတွင် ခရစ္စမတ် နှင့် ဆိုင်သော အလှဆင်မှုများကို အံ့မငြီး မြင်တွေ့ရသည်။ လက်ဆောင်ပစ္စည်းများ ပေးကြသည်၊ ခရစ္စမတ် စားသောက်ပွဲများ၊ carol singing များပြုလုပ်ကြသည်။ သို့သော် စစ်မှန်သော ခရစ္စမတ်ဖြစ်သည့် ယေရှုခရစ်တော်ကို ကိုးကွယ်ခြင်း မပါဘဲ ခရစ္စမတ်ကို ပျော်ရွှင်စွာ ဆင်နွဲသော သူမြောက်များစွာတို့သည် ခေတ်သစ် ဟေရုဒ် များသာဖြစ်သည်။ ဟေရုဒ် မင်းသည် သူငယ်တော် ယေရှုကို ဖျက်ဆီးရန် ကျိုးပန်းခဲ့ သကဲ့သို့ ခေတ်သစ် ဟေရုဒ် များသည်လဲ ခရစ္စမတ်၏ အနှစ် ဖြစ်သော ခရစ်တော်ကို ယုံကြည်ကိုးကွယ်ခြင်း အမှုကို တစ်စစီ ဖျက်ဆီး နေသူများဖြစ်သည်။ အချို့တို့သည် ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်နေကြသူများ ဖြစ်နိုင်သလို ယုံကြည်သူ အချို့တို့သည် မိမိကိုယ်ကို ခေတ်သစ် ဟေရုဒ် မင်း ဖြစ်မှန်း မသိ ဖြစ်နေသူများလဲ ရှိသည်။ ခရစ္စမတ် ၏ စစ်မှန်သော အနှစ်သာရကို ဖျက်ဆီးနေသူများဖြစ်သည်။

ကျမ်းတတ်ပုဂ္ဂိုလ် များနှင့် ဒုတိယအုပ်စု

“ယဇ်ပုရောဟိတ်အကြီးတို့နှင့်လူတို့တွင် ကျမ်းပြုဆရာရှိသမျှတို့ကို စုဝေးစေ၍ ခရစ်တော်ကို အဘယ် အရပ်မှာ ဘွားမြင်လိမ့်မည်နည်းဟု မေးမြန်းတော်မူ၏။ ထိုဆရာတို့ကလည်း၊ ပရောဖက်တဦး ရေးထားသော အချက်ဟူမူကား၊ အိုယုဒပြည်ဗက်လင်မြို့၊ အစိုးရသောယုဒမြို့တို့တွင်သင်သည် မြို့ငယ်မြို့ယုတ် မဟုတ်။ အကြောင်း မူကား၊ ငါ၏လူစု ဣသရေလအမျိုးကို အုပ်စိုးရသောသခင်သည် သင်၏အထဲမှာပေါ်ထွန်းလတံ့ဟု ကျမ်းလာ ရှိပါ၏။ ထို့ကြောင့် ယုဒပြည်ဗက်လင်မြို့၌ ခရစ်တော်ကိုဘွားမြင်ရပါမည်ဟု မင်းကြီးအား ပြန်ကြားလျှောက် ထားကြ၏။” (မသဲ ၂း၄-၆)

ကျမ်းတတ်ပုဂ္ဂိုလ် များသည် သူငယ်တော် ယေရှုကို ဖျက်ဆီးရန် အားထုတ်သည် ဟု မတွေ့ရပါ။ ထိုသူတို့သည် ခရစ္စမတ်၏ အဓိက အကြောင်းတရား ဖြစ်သော ဗက်လင်မြို့တွင် ယေရှုခရစ် မွေးဖွါးမည်ကို တိတိကျကျ နားလည် သဘောပေါက်သည်။ သို့သော်လဲ ခရစ္စမတ် ၏စစ်မှန်သော အကြောင်းတရား ဖြစ်သော ခရစ်တော်ကို ကိုးကွယ်ခြင်း တည်းဟူသော အမှုကို မလုပ်ဆောင်ခဲ့ပါ။

ထိုကျမ်းတတ်ပုဂ္ဂိုလ် များကဲ့သို့သော ခေတ်သစ် ကျမ်းတတ်ပုဂ္ဂိုလ် မြောက်များစွာကို တွေ့ရှိနိုင်သည်။ ဝမ်းနည်းစရာ ကောင်းသည်မှာ ထို ခေတ်သစ် ကျမ်းတတ်ပုဂ္ဂိုလ် များသည် ဘာသာတရား ကိုင်းရှိုင်းသူများ၊ အမှုတော်ဆောင်များ၊ အသင်းတော်လူကြီးများ၊ ဘုရားကျောင်းမှန်မှန်တက်ရောက်နေသူများ ဖြစ်နေခြင်းပင်။ ခေတ်သစ် ကျမ်းတတ်ပုဂ္ဂိုလ် များသည် ခရစ်တော်ကို အမှန်တကယ် ကိုးကွယ်ခြင်းထက် လောကအရာ ပတ်ဝန်းကျင် တွင်ဖြစ်ပျက်နေသော အခြေအနေများကို ပို၍ ဦးစားပေးနေတတ်ကြသည်။

ကျမ်းတတ်ပုဂ္ဂိုလ် ကြီးများသည် လောကီရေးရာတွင် တန်ခိုးအာဏာရှိသော ဟေရုဒ် မင်းက ဆင့်ခေါ်သော အခါ ချက်ချင်း သွားရောက်ပြီး ဂရုတစိုက်ဆက်ဆံ လုပ်ဆောင်ခဲ့သည်၊ သို့သော် ကယ်တင်သော အရှင် မွေးဖွါးမည်ကို သိရှိ နားလည်သော်လည်း ခရစ်တော်ကို ရှာဖွေရန် မကျိုးစားခဲ့ပါ။ ဟေရုဒ်ကို ကျိုးနွံသော်လဲ ခရစ်တော်ကို မကိုးကွယ်ခဲ့ပါ။ မိတ်ဆွေသင်သည် ခရစ္စမတ် အချိန်အခါမှာ ခရစ်တော်ကို စစ်မှန်စွာကိုးကွယ်ဝတ်ပြုရမည့် အစား လောကီအမှုရေးရာများ နောက်ကို မယောင်မလည် မသိမသာ ယိမ်းယိုင် လိုက်ပါသွားသူ ဖြစ်နေပါသလား။ ဟေရုဒ်ကို ကျိုးနွံသောသူလား သို့မဟုတ် မွေးနေ့ရှင် ခရစ်တော် ကိုးကွယ်သူလား မိမိကိုယ်ကို စမ်းစစ်စေချင် ပါသည်။

ပညာရှိများနှင့် အုပ်စု

ဤတတိယအုပ်စုတွင်ပါဝင်သူများသည် ခရစ်တော်မွေးဖွါးခြင်း ကြောင့် စိတ်ပူပင်သောက ရောက်သောသူများ မဟုတ်သည့် အပြင် ခရစ်တော်မွေးဖွါးခြင်းကို ဝမ်းမြောက်ဝမ်းသာ စုံစမ်းရှာဖွေပြီး ကိုးကွယ်သည့် အဖွဲ့ဖြစ်သည်။

“ယခု ဘွားမြင်သောယုဒရှင်ဘုရင်သည်၊ အဘယ်မှာရှိတော်မူသနည်း။ အရှေ့ပြည်၌ သူ၏ကြယ်ကို ငါ တို့မြင်ရသည်ဖြစ်၍ ဖူးတွေ့ပူဇော်ခြင်းငှါ ရောက်လာပြီဟု မေးမြန်းပြောဆိုကြ၏။” (မသဲ ၂း၂)

ကျမ်းတပ်ပုဂ္ဂိုလ် အများစုက ထိုပညာရှိ တို့သည် ပါရှားပြည် (ယနေ့အီရန်) မှလာရောက်သည်ဟု ယုံကြည်သည်။ ထို့ကြောင့် အနည်း ဆုံး မိုင် ၈၀၀ မှ ၁၀၀၀ ကျော်ခန့် အထိဝေးကွာသော အရပ်ဒေသမှ ခရစ်တော်ကို ကိုးကွယ်ရန် တနည်းဖြင့် ခရစ္စမတ်ကို ဆင်နွဲရန် လာရောက်ခြင်းဖြစ်သည်။ ခရစ်တော် မွေးဖွါးမည်ကို နားလည်သော သိရှိသော ဗက်လင်မြို့နှင့် အနီးဆုံး ဒေသတဝိုက်တွင် နေထိုင်သည့် ကျမ်းတတ် ပုဂ္ဂိုလ် များက ကိုးကွယ်ရန် မရောက်ရှိနိုင်ဘဲ မိုင်များစွာ ဝေးသော အရပ်မှ ပညာရှိများသည် အချိန်ကာလ ၂ နှစ်ခန့် အတွင်း အခက်အခဲ များစွာကျော်လွှားပြီး ရောက်ရှိလာခြင်း ဖြစ်သည်။ ထို့အပြင် ပါလာသော တန်ဖိုးကြီးသည့် အဖိုးတန် လက်ဆောင် များဖြင့် သူငယ်တော် ယေရှု ကို ဝတ်ပြုကိုးကွယ်ခဲ့ကြသည်။

တတိယ အုပ်စုတွင် ပါဝင်သောသူများသည် မည်မျှပင် ဝေးကွာပါစေ၊ အခက်အခဲ အတားအဆီးရှိနေပေစေ စစ်မှန်သော ခရစ္စမတ် ၏ အဓိပ္ပါယ်ကို နားလည်သဘောပေါက်ပြီး ကိုးကွယ်ခြင်းဝတ်ကို ပြုမည့်သူများ ဖြစ်သည်။ ထို့အပြင် မိမိတွင်ရှိသော အကောင်းဆုံး အဖိုးတန်ဆုံးသော အရာဖြင့် ကိုးကွယ်ဝတ်ပြုမည့် သူများဖြစ်သည်။

နိဂုံး

မိတ်ဆွေသင်သည် ခရစ္စမတ် အချိန်အခါသမယ တွင် လောကီအရာများဖုံးလွမ်းသော ဟန်ဆောင် ခရစ္စမတ် ကိုဆင်နွဲပြီး ခရစ္စမတ်၏ မူရင်းအနှစ်အဓိပ္ပါယ်ကို မှေးမိန်စေခြင်းဖြင့် ခရစ္စမတ်ကို ဖျက်ဆီးချင်သော ဟေရုဒ် မင်းကြီး၏ နောက်လိုက် အပေါင်းအပါများလား?

သို့မဟုတ် ခရစ္စမတ်၏ အနက်အဓိပ္ပါယ် သိရှိနားလည်သော်လည်း ပါတ်ဝန်းကျင်အခြေအနေ အမျိုးမျိုးကြောင့် ခရစ်တော် ကို မကိုးကွယ်ဘဲ ဖာသိဖာသာ နေသော ကျမ်းတတ်ပုဂ္ဂိုလ် များအဖွဲ့တွင်ပါဝင်နေပါသလား?

ဒါမှမဟုတ် မည်သို့သောအခြေအနေတွင်ရှိနေပေစေ ခရစ္စမတ် အချိန်ရောက်တိုင်း မိမိတွင် ရှိသော အရာများထဲတွင် ဘုရားသခင် တန်ဖိုးအထားဆုံးဖြစ်သည့် နှလုံးသား လက်ဆောင်ကို ဆက်သရင်း ခရစ်တော်ကို ကိုးကွယ်ဝတ်ပြုသူများ အဖွဲ့တွင် ပါဝင်ပါသလား?

သန့်ရှင်းသော ဝိညာဥ်တော်ဘုရားထံမှလာသော နားလည်သဘောပေါက်နိုင်ရသော အခွင့်သည် စာဖတ်သူ အားလုံးအပေါ်သက်ရောက်ပါစေ။

Merry Christmas to you all

သောင်းနိုး (Thawngno)
December 22, 3023

Leave a comment