သံသယ ရှိခြင်းသည် စိတ်ကူးမျှော်လင့်ခြင်း၏ရန်သူဖြစ်သည်

လူတိုင်းငယ်ရွယ် ခဲ့စဥ်တုန်းက စိတ်ကူးဉာဏ်ကောင်းခဲ့ကြသည်။ သို့သော်အသက်ကြီးလာတာနဲ့အမျှ စိတ်ကူးစိတ်သန်းတွေက သံချေးတက်လာလေဖြစ်တတ်သည်။ ဖြစ်နိုင်ချေရှိသည့် အရာများ တကယ် ဖြစ်နိုင်သည်ကို သံသယစိတ်ဖြင့် မျှော်လင့်ထား မနေတော့ဘဲ အရာရာတိုင်း သူ့ဟာသူ ဖြစ်ပါစေ ပျက်ပါစေ ဟုခံယူပြီး ဖာသိဖာသာ နေတတ်လာကြသည်။

သံသယရှိခြင်းနှင့် စိုးရိမ်ကြောက်ရွံ့ခြင်းသည် ကျွန်ုပ်တို့ရဲ့ ဘ၀မှာ ဘုရားသခင် ဖြစ်စေလိုသော အရာများကို ပျက်ပြယ်စေနိုင်ပါသည်။ မျှော်လင့်ထားသော အရာများအတွက် စိတ်ကူးပုံဖော်ရန် သတ္တိ ရှိရန်လိုအပ်သည်။ လူအများစုက ဘာကြောင့် မိမိလိုအင်ဆန္ဒများအတွက် မျှော်လင့်ခြင်းနှင့် စိတ်ကူးထဲတွင် မျှမထားနိုင်၊ မထားရဲကြရသလဲ? ဘာကြောင့်သံသယစိတ်များကြသလဲ? ဘာကြောင့်လဲဆိုတော့ သူတို့ ရှုံးနိမ့်ကျဆုံး မှာကိုကြောက်သောကြောင့်ဖြစ်သည်။

သတ္တိဆိုတာ ကြောက်စရာ ကောင်းသည်ဟု ခံစားရသော အရာကို ရင်ဆိုင်ဖြေရှင်းခြင်းဖြစ်သည်။ သင် မကြောက်သော အရာတခုကို ရင်ဆိုင်ဖြေရှင်းရန် သတ္တိမလိုပါ။ သေမှာကြောက်ပေမဲ့ “ဘာပဲဖြစ်ဖြစ် ငါလုပ်မယ်” လို့ ရင်ဆိုင်ခြင်း ကို သတ္တိရှိခြင်းဟုခေါ်သည်။

Saddleback ဘုရားကျောင်းမှာ ကြီးမားတဲ့ အစီအစဥ် လုပ်ငန်း တခုခုကို လုပ်တိုင်း စိတ်ထဲမှာ သေမတတ် ကြောက်ကြောက်နဲ့ စလုပ်ခဲ့ရတာချည်းဖြစ်တယ်။ ဒါပေမယ့် ကျွန်တော်က “ဘာပဲဖြစ်ဖြစ် ငါတို့ ဆက်လုပ်မယ်” လို့ဘဲ ပြောခဲ့တယ်။ ဘာဖြစ်လို့လဲ ဆိုတော့ အကြောက်တရားက ကိုယ့်ဘဝကို လွှမ်းမိုး ထားလို့ မဖြစ်ဘူး။ ဒါ့ကြောင့် တုန်တုန်ရီရီ ကြောက်ကြောက်လန့်လန့် နဲ့ဘဲ ရှေ့ကို ဆက်လှမ်းခဲ့တယ်။

ကြောက်နေပေမဲ့ မှန်ကန်တဲ့ အရာဆိုရင် လုပ်ရဲခြင်းဟာ သတ္တိဖြစ်တယ်။ “ငါ့ရဲ့သံသယတွေ ကင်းစင်သွားတဲ့အထိ ခဏဖြစ်ဖြစ် ငါစောင့်ရမှာလား” လို့ သင်တွေးကောင်းတွေးမိနိုင်ပါတယ်။ ဒါပေမယ့် မင်းရဲ့ကြောက်စိတ်ကို တွန်းလှန်ဖို့လိုတယ်။ မင်းခံစားနေရတဲ့ မလုံခြုံမှုအားလုံးကို လျစ်လျူရှုပြီး ဆုတောင်းခြင်းအားဖြင့် ဆက်လုပ်ဖို့ လိုပါတယ်။

“သင်တို့အနက် တစ်ယောက်ယောက်၌ ဉာဏ်ပညာယုတ်လျော့လျှင် အပြစ်မတင်ဘဲ သူခပ်သိမ်းတို့အား ကြွယ်ဝစွာသနားတော်မူသောဘုရားသခင့်ထံ တောင်းလျှောက်စေ။ သနားတော်မူလိမ့်မည်။ ယုံမှားသံသယအလျှင်းမရှိဘဲ ယုံကြည်လျက်တောင်းလျှောက်စေ။ ယုံမှားသံသယရှိသူသည် လေပြင်းတိုက်ခတ်သောပင်လယ်လှိုင်းနှင့်တူသဖြင့် စိတ်ဒွိဟရှိလျက်၊ အလေ့အလာဟူသမျှ၌ ယိမ်းယိုင်သူဖြစ်သောကြောင့် ထာဝရဘုရားအထံတော်မှ တစ်စုံတစ်ရာရမည်ဟု မထင်မမှတ်စေနှင့်။” (ယာ ၁း၅-၇)

မိတ်ဆွေရဲ့စိတ်ကူး စိတ်သန်းနှင့် မျှော်လင့်ခြင်းတွေကို အကြောက်တရားက အုပ်စိုးခွင့် ပေးမလား ဒါမှမဟုတ် ယုံကြည်ခြင်း ကအုပ်စိုးခွင့်ပေးမလား? မိတ်ဆွေရဲ့ ရွေးချယ်မှုသာဖြစ်တယ်။ အကြောက်တရားက မိတ်ဆွေရဲ့စိတ်ကူးတွေကို လွှမ်းမိုးထားရင် စိတ်ဖိစီးနေပြီး တစ်ချိန်လုံး စိတ်ပူနေလိမ့်မယ်။ အကြောက်တရားက မိတ်ဆွေရဲ့စိတ်ကူး စိတ်သန်း တွေကို ထိန်းချုပ်ဖို့ ခွင့်ပြုလိုက်တဲ့အခါ မိတ်ဆွေဟာ သနားစရာကောင်းတဲ့ဘဝနဲ့ ရှင်သန်နေရတဲ့သူ ဖြစ်သွားတယ်။

အဲဒီအစား ဘဝမှာ အကြောက်တရားတွေကို လွှမ်းမိုးခွင့် မပေးနိုင်ဘူးလို့ ဆုံးဖြတ်လိုက်ပါ။ မိတ်ဆွေရဲ့ဘဝမှာ ယုံကြည်ခြင်းကို ရှင်သန်စိုးမိုးခွင့် ပေးလိုက်ပါ။ ဘုရားသခင် ကို အားကိုးလိုက်ပါ။ အဲဒီအခါမှာ ယုံကြည်ခြင်းနဲ့ ရှေ့ကိုဆက်သွားနိုင်ပြီး စိတ်ကူး စိတ်သန်းတွေဟာ ဖြစ်နိုင်ခြေအမျိုးမျိုး၊ မျှော်လင့်ခြင်း မျိုးစုံ နဲ့ ပြည့်နှက် လာပါလိမ့်မယ်။ ဘာဖြစ်လို့လဲ ဆိုတော့ အရာခပ်သိမ်းဟာ ဘုရားသခင်အားဖြင့် ဖြစ်နိုင်သောကြောင့်ဖြစ်တယ်။

သောင်းနိုး (Thawngno)
မှတ်ချက်။ ။ Rick Warren ၏ Doubt Is the Enemy of Imagination ကို ကိုးကားပြီး ဆီလျော်အောင် ပြန်ဆိုထားပါသည်။

Leave a comment