နွားနို့တစ်ခွက်

တချိန်တခါတုံးက အမေရိကန် နိုင်ငံရဲ့ တောရွာကလေး တစ်ရွာမှာ Howard Kelly လို့ ခေါ်တဲ့၊ အလွန်ဆင်းရဲ တဲ့ ကလေးငယ်တစ် ယောက်ဟာ သူရဲ့ကျောင်းစရိတ် အတွက် အိမ်သုံးပစ္စည်းကလေး တွေကို တစ်အိမ်တက် တစ်အိမ်ဆင်း လိုက်ရောင်းပြီး ခက်ခက်ခဲခဲ အသက်ရှင် နေထိုင်ခဲ့ရတယ်။

တစ်ရက် နေပူကျဲတဲမှာ ပစ္စည်းရောင်းရင်း အလွန်ဗိုက်ဆာလာတယ်။ ဘောင်းဘီအိပ်ကပ်ထဲ လက်နှိုက်ရှာကြည့် လိုက်တော့၊ စားစရာ တစ်ခုခု ကို ဝယ်စားနိုင်လောက်အောင်လုံလောက်တဲ့ ပိုက်ဆံထွက်မလာပါဘူး။ ဗိုက်အလွန်ဆာလာတာ ကြောင့် မည်သို့ပင်ဖြစ်စေ ပစ္စည်းရောင်းရန် ဝင်မည့် နောက်အိမ် ရောက်လျှင် စားစရာ တစ်ခုခု ကို တောင်းစားရန် စိတ်ပိုင်းဖြတ်လိုက်သည်။

အိမ်တစ်အိမ် ရောက်သောအခါ တံခါးကို ခေါက်လိုက်ရာ သူနှင့် အရွယ်တူခန့် ဖြစ်ဟန်ရှိသော မိန်းကလေး ငယ် တစ်ယောက်က တံခါးလာဖွင့် သည်ကို တွေ့လိုက်ရသောအခါ၊ မရည်ရွယ်ဘဲလျက် စားစရာတစ်ခုခု ကို တောင်းရမည့် အစား၊ ကျေးဇူးပြုပြီး ရေတစ်ခွက် ပေးပါလား ဟု နှုတ်မှ အလိုအလျောက် ထွက်သွားသည်။ မိန်းကလေး ငယ်က Kelly ကို တွေ့သောအခါ သနားစိတ် ဖြစ်လာပြီး ရေတစ်ခွက် အစား နွားနို့ ပူပူနွေးနွေး တစ်ခွက် ပေးလိုက်သည်။

နွားနို့သောက်ပြီးသောအခါ ဘယ်လောက်ပေးရမလည်း ဟု မေးကြည့်လိုက်ရာ၊ မိန်ကလေးငယ်က ဘာမှ ပေးစရာမလိုကြောင်း၊ စေတနာနှင့် ပေးသော ပစ္စည်းဆိုလျှင် ပိုက်ဆံမတောင်းသင့် ဟု သူမ၏ အဖွားက သင်ပေးထားကြောင်း ပြန်ပြောသည်။ Kelly ကျေးဇူးတင်စကားကို ပြောပြီး ပစ္စည်းဆက်ရောင်းရန် အတွက် ထွက်သွားသည်။

နှစ်လ ရာသီများ အလီလီ ကုန်ဆုံးသွားပြီး နောက်ပိုင်း တစ်ရက် ထိုကလေးမ ကြောက်စရာကောင်းသည့် ရောဂါဆိုးတစ်ခုကို ရရှိသည်။ တောရွာကလေးတွင် ကုသရန် မဖြစ်တော့သဖြင့် မြို့ကြီးတစ်ခု၏ ဆေးရုံကြီး တစ်ခုတွင် ကုသခြင်းခံယူရန် ရောက်ရှိလာသည်။ အထူးကုဆရာဝန်ကြီးများက သူမ၏ ရောဂါကို ဆွေးနွေးတိုင်ပင် ကြသည်။ ထို အထူးကုဆရာဝန်ကြီးများတွင် တစ်ယောက်ဖြစ်သော Dr. Howard Kelly က လူနာ၏ ဖိုင်တွဲကို ကို စစ်ကြည့်ရာ သူကြီးပြင်းခဲ့သော ရွာမှ ဖြစ်ကြောင်းတွေ့သောအခါ ချက်ချင်းထ၍ လူနာရှိရာ အခန်းသို့သွားသည်။

လူနာ၏ နာမည်ကိုမျှပင် မကြားဖူး၊ မသိဖူးခဲ့သော်လည်း သူ့ကို နွားနို့ပူလေး တစ်ခွက် ကို ပေးသောက်ခဲ့ဖူးသူမှန်း Dr. Kelly ကချက်ချင်း မှတ်မိသည်။ သူသည် အထူးကု ဆရာဝန်ကြီးများ နှင့် ဆွေးနွေးတိုင်ပင်သည့် အခန်းကို ချက်ချင်းပြန်လှည့်ပြီး၊ ထိုလူနာကို သူက တာဝန်ယူကုသ ပေးလိုကြောင်း တောင်းဆိုသည်။

လပေါင်းများစွာ ကုသပြုစု ခြင်းကို ခံရပြီးသည့်နောက် ထိုအမျိုးသမီး ပြန်လည်နေကောင်းလာပြီး၊ ဆေးရုံမှဆင်းကာ သူမနေထိုင်ရာ ရွာသို့ပြန်သွားသည်။ ရက်အနည်းငယ်ကြာသောအခါ ဆေးရုံမှ ငွေတောင်းခံလွှာ (bill) စာတစ်စောင် ရောက်ရှိလာသည်။ သူမသည် ထိုစာအိပ်ကို လက်တွင် ကိုင်ထားပြီး ဖွင့်ကြည့်ရန် အားတင်းလျက် အချိန်အခိုက်အတန့် ကြာသွားသည်။ သူမ တသက်တာလုံး လစဥ်လတိုင်း ပုံမှန် ပေးဆပ် ရန်အထိ များမည့် ငွေတောင်းခံလွှာ ဖြစ်မည်ကို ဖွင့်မကြည့်ခင် သူမနားလည် လိုက်သည်။ နောက်ဆုံး ဖွင့်မကြည့်လျှင်လည်း အဓိပ္ပါယ်မရှိဟု စဥ်းစားရင်း ဖွင့်ကြည့်လိုက်သည်။

သူ မျှော်လင့်ထားသည့် အတိုင်း ငွေတောင်းခံလွှာ တွင်ရေးထားသော ငွေကြေးပမာဏသည် သူ တသက်စာ ပေးဆပ်လျှင်ပင် ခက်ခက်ခဲခဲ ပေးဆပ်ရမည့် ပမာဏဖြစ်သည်။ သို့သော် ငွေတောင်းခံလွှာ ၏အောက်ပိုင်း တွင် မှတ်ချက်တစ်ခုကို အောက်ပါအတိုင်း ရေးသားထားသည်ကို တွေ့လိုက်ရသည်။

မှတ်ချက် – သင်ပေးဆပ်ရန် ရှိသော ဆေးကုသခ အားလုံးကို သင်သည် ချိုမှိန်သော နွားနို့ ပူပူနွေးနွေးကလေး တစ်ခွက် ဖြင့် သင်ပေးဆပ်ခဲ့ပြီးပါပြီ – သင်ပေးရန် ဘာမျှမကျန်တော့ပါ။

(လက်မှတ်)
Dr. Howard Kelly

သူမ၏ မျက်လုံးနှစ်စုံမှ ပူနွေးသော မျက်ရည်စက် တို့သည်သူမ၏ ပါးပြင်ပေါ်သို့ စီးကျရင်း ဘုရားသခင်ထံ ကျေးဇူးတော်ချီးမွှမ်းနေတော့သည်။

“ငါသည် မွတ်သိပ်သောအခါ သင်တို့သည် ကျွေးကြ၏။ ငါသည် ရေငတ်သောအခါ သင်တို့သည် သောက်ဘို့ ပေးကြ၏။ ငါသည် ဧည့်သည်ဖြစ်သောအခါ သင်တို့သည် ဧည့်သည် ဝတ်ကို ပြုကြ၏။” (မဿဲ ၂၅း၃၅)

မှတ်ချက်။ အမည်မသိ စာရေးဆရာ တစ်ဦးရေးသော A Cup of Warm Milk ကို ဆီလျော်အောင် ပြန်ဆိုထားပါသည်။

သောင်းနိုး
June 26, 2019

Leave a comment