ဘုရားသခင်ချီးမြှောက်သော အသက်တာ

ပညာရှိသောသူသည် မည်သည့်အခါမျှ အရာတခုခုအား ကောင်းကြီးမင်္ဂလာ (သို့) ကျိန်ခြင်းအမင်္ဂ လာဖြစ်သည်ဟု လျင်မြန်စွာ မဆုံးဖြတ်တတ်ပေ။

အတိတ်ကို ဆင်ခြင်ခြင်း

ဆာလံ ၄၁ သည် ဒါဝိဒ်မင်းကြီး နာမကျန်းဖြစ်ချိန် အိပ်ရာပေါ်မှရေးသော ဆာလံဖြစ်သည်။ အိပ်ရာပေါ်၌ လဲနေသောသူတို့၏ ထုံးစံအတိုင်း ဒါဝိဒ်မင်းကြီးသည် ဟိုတွေး သည်ကြည့်ဖြင့် မိမိ တွေ့မြင်ခံစားသည်ကို ရေးသားထားသည်ကို တွေ့ရသည်။ မိမိ၏ အတိတ်ကို ပြန်ဆင်ခြင်ကြည့်သည်။ ထိုအခါ အရင်က ဆင်းရဲသောသူတို့ ကိုကြင်နာစွာ ကူညီခဲ့သည်ကို တွေးမြင်မိသည်။ အဲဒီလိုအမြင်သည်သူ့ အား အင်အား ဖြစ်စေသည်ကို တွေ့ရသည်။ ထို့ကြောင့် သူက “ဆင်းရဲသောသူတို့ကိုအောက်မေ့သောသူသည် မင်္ဂလာရှိ၏၊ ခဲယဉ်းသောကာလ၌ ထိုသူကို ထာဝရဘုရားကယ်နုတ်တော်မူမည်” ဟု ဆိုခဲ့သည်။ ဆင်းရဲသူကိုဘုရားသခင်က သူ့ အားဖြင့်ကူမ စေသကဲ့သို့ သူ့အားလည်း ဘုရားသခင်က ကယ်နုတ်မယ်ဆိုတာကို ယုံကြည်ခံစားလာရသည်ကို တွေ့ရသည်။

ပတ်ဝန်းကျင်ကို ဆင်ခြင်ခြင်း

ဒါဝိဒ်မင်းကြီးသည်တဖန် မိမိ၏ဝန်းကျင်ကို ကြည့်ရှုပြန်သည်။ ထိုအခါတွင်သူ၏ ဝန်းကျင်ရှိသူအားမနာလို သောသူတို့သည် သူနှင့်ပတ်သက်၍ အမျိုးမျိုး ပြောဆိုကြသည်ကိုတွေ့လိုက်သည်။ သူသေနေသလိုပင် ပြောဆိုနေကြသည်။ ထိုမျှမက သူ့ရဲ့ မိတ်ဆွေရင်းများကပင် သူ့အားမကောင်းကြောင်း ပြောကြသည်ကို တွေ့မြင်ရသည်။ ထိုကဲ့သို့ ဖြစ်နေမည်ဆိုလျှင် ခရစ်တော်ကိုသတိရပါ။ သခင်ခရစ်တော်ကိုယ်တိုင်ပင် ထိုကဲ့သို့ အပြောခံ၊ ဝေဖန်ခံ၊ ရှုံ့ချခံရသည်ကိုသတိရပါ။ ယောဟန် ၁၃း၈ “သင်တို့ရှိသမျှကိုငါရည် မှတ်၍ ပြောသည်မဟုတ်၊ ငါရွေးကောက်သော သူတို့ကို ငါသိ၏၊ ကျမ်းစာပြည့်စုံမည့်အကြောင်း ငါနှင့်အတူ စားသောသူသည် ငါ့ကို ခြေနှင့်ကျောက်သတည်း” (မိတ်ဆွေ၊ ဆွေမျိုး၊ တပည့်ရင်း)။ ဘဝတွင် အနာကြင်ဆုံးအရာ သည် ချစ်သောမိတ်ဆွေက ကိုယ့်အား လိမ်လည်လှည့်ဖြားခြင်းပင်ဖြစ်သည်။

အထက်ကိုမျှော်ကြည့်ခြင်း

နောက်ဆုံးတွင် ဒါဝိဒ်မင်းကြီးသည် အထက်သို့ မျှော်ကြည့်လိုက်၏။ ထိုအခါ သူ၏ပြဿနာအခက်အခဲများ ပြေလည်သွားသည်ကို တွေ့ရသည်။ ဘယ်သူတွေဘာဘဲပြောနေပြောနေ၊ ဘယ်လိုအခြေ အနေတွင်ပင် ရောက်ရောက် ထာဝရဘုရား၏ နှစ်သက်ခြင်းခံရသောသူ့ကို ထာဝရဘုရား အမြဲတမ်း ချီးမြှောက်နေမည်ဖြစ် သည်။ ကာကွယ်နေမည်ဖြစ်သည်။ ပို၍ထွန်းတောက်အောင် ဘုရား၏အားရကျေနပ်မှုဖြင့် မြှင့်တင်ပေးနေမည်ဖြစ်သည်။

ရုသဝထ္တုတွင်နောမိ အကြောင်းကိုစဉ်းစား လျှင် ဘုရားသခင်၏အံ့သြဘွယ်အစီအစဉ်ကို တွေ့မြင်ရသည်။ နောမိဟာ သား ၂ ယောက်စလုံးဆုံးရှုံးရသောအခါ လူများအား သူ့ကို နောမိ ဟု မခေါ်ဘဲ မာရ ဟု ခေါ်ရန် ပူဆွေးမှုကို မဆောင့်စည်း နိုင်ဘဲ ပြောခဲ့သည်။ ဘုရားသခင်သည် ငါအားအလွန်ခါးသောအရာ ကိုပေးတော်မူပြီ ဟုပြောဆိုခဲ့သည်။ အမှန်တကယ်တော့ ဘုရားသခင်သည် ချွေးမ ရုသ အားဖြင့် မြေးများရလျက် ထိုမြေးများအားဖြင့် ကယ်တင် ရှင် မေရှိယ၏မျိုးရိုးစဉ်ဆက်တွင် ဆွေမျိုးစာ ရင်းဝင်မည်ကိုမသိခဲ့သော ကြောင့် အလျင်စလို ထိုသို့ ပြောဆိုခဲ့ခြင်း ဖြစ်ပေမည်။

သို့ဖြစ်၍ နောမိ၏ဘဝကဲ့သို့ ကျွန်ုပ်တို့သည် လည်းဆိုးဝါးသောအရာကိုတွေ့ကြုံရင်ဆိုင်ရသောအခါ တွင်ချက်ခြင်း စိတ်မြန်လက်မြန် မဆုံးဖြတ်ပဲ ဒါဝိဒ်မင်းကြီးကဲ့သို့ အတိတ်နှင့် ပတ်ဝန်းကျင်ကို ဆင်ခြင်ပြီး အထက်သို့မျှော်ကြည့် ခြင်းအားဖြင့် စိတ်ချမ်းသာခြင်း၊ အောင်မြင်ခြင်း အသက်တာ ဘုရားသခင် ချီးမြှောက်သော အသက်တာကို လျှောက်လှမ်း နိုင်ပေမည်ဖြစ်သည်။

သောင်းနိုး (Thawngno)
မှတ်ချက်။ ဆရာလင်းကန် ရေးသော “သင်၏ခံစားရခြင်းသည် သင်၏ ရှုမြင်မှုအပေါ်တွင်တည်သည်” ဆောင်းပါးကို ကိုးကားထားပါသည်။

Leave a comment