ဝိညာဥ်ရေးရာလမ်းညွန်

အမေရိကား ရောက်ခါစ ဖတ်ခဲ့ဖူးသော ဂျုးလူမျိုး မီလျံနာ တစ်ယောက် အကြောင်းကို ကျွန်တော် မကြာခဏ ဆိုသလို မိတ်ဆွေများကို ပြောပြတတ်သည်။ ထို ဂျုးလူမျိုး မီလျံနာသည် အစ္စရေးလ် စစ်တပ်မှ ပင်စင် ယူပြီး အမေရိကန် သူဌေး တစ်ယောက်၏ ကိုယ်ရံတော် လုပ်ရန် အမေရိကန် နိုင်ငံသို့ ပြောင်းရွေ့နေထိုင်သည်။ အမေရိကန် နိုင်ငံ ရောက်ပြီး ၁၀ နှစ် အကြာတွင် ကိုယ်ပိုင် စီးပွါးရေးလုပ်ငန်းရှင် မီလျံနာ တစ်ယောက် ဖြစ်လာခဲ့သည်။ သူ၏သူဌေး နှင့် လုပ်ဖော်ကိုင်ဖက်များ၏ ပြောကြားချက်အရ နှစ်အနည်းငယ်အတွင်း လျင်မြန်စွာ အောင်မြင်ရန် အတွက် သူ၌ရှိသော အဓိက ထူးခြားသည့် အရည်အချင်းမှာ လုပ်ကိုင်လေရာတိုင်း ၌ ညွန်ကြားချက်၊ လမ်းညွန် များကို တိတိကျကျ တဝေမတိမ်း လိုက်နာ လုပ်ဆောင်ခြင်း ဖြစ်သည် ဟု ဆိုသည်။


ကျွန်တော် အပါအဝင် လူအများစုတွင် ‘‘အစဉ်အတိုင်းလုပ်ဖို့ လိုပါသည်’’ ဆိုသောစကားက တခါတရံ စိတ်အနှောင့်အယှက်ကြီး လိုဖြစ် နေတတ်သည်။ အိမ်၌ ရိုးရှင်းလွယ်ကူသော ပြုပြင်စရာများကို ကျွန်တော် ကြိုးစား လုပ်ဆောင်ခဲ့သော်လည်း တခါတရံ ဆန္ဒ ဆောပြီး manual ကို အရင် မဖတ်ဘဲ လုပ်ဆောင် လိုက်သောကြောင့် အဆင်မပြေခဲ့သော အချိန်များစွာ ရှိခဲ့ဘူးသည်။ ရေချိုးခန်းမှ ရေပန်းလက်ကိုင်ကို ကောင်းကောင်း ပြင်ပြီးခဲ့သော်လည်း နံရံမှ ရေများစီးထွက်လာသည့် အချိန်များလည်း ရှိခဲ့ဖူးသည်။ ကျွန်တော့်ဇနီး အား သည်ဟာကလေး လုပ်ဖို့၊ ဟိုဟာ ကလေးပြင်ဖို့ လွယ်လွယ်လေးကို၊ ငါ့အတွက် ညွှန်ကြားချက်တွေ မလိုပါဘူး´ ဟု ပြောသည်။ မှားပါသည်။

တစ်ဖြည်းဖြည်းနှင့် ကျွန်တော်လည်း နောင်ကြဉ် လာပြီး ညွှန်ကြားချက်များကို တိတိကျကျ အာရုံစိုက်တတ် လာပြီးမှ ကိစ္စအ၀၀သည် အဆင်ပြေလာသည်။ ထိုသို့ အဆင်ပြေဖန်များလာသော် ကိုယ့်ကိုယ်ကိုယ် ယုံကြည် စိတ်ချလာပြီး မကြာပါ၊ ညွှန်ကြားချက်များကို လျစ်လျူရှု ပြန်သည်။ ရလဒ်ကား ဆိုးရွားမည်ကို ခန့်မှန်းနိုင်ပါသည်။.ရှေးဣသရေလလူတို့သည်လည်း အလားတူ အဖြစ်မျိုးနှင့် ရုန်းကန်ခဲ့ကြသည်။ သူတို့သည် ဘုရားသခင်ကို မေ့လျောပြီး၊ ဗာလဘုရား၊ ပတ်ဝန်းကျင်ရှိ အခြား တစ်ပါးသော ဘုရားများနောက် မလိုက်ရန် ဘုရားရှင်၏ညွှန်ကြားချက်ကို နားမထောင် လျစ်လျူရှု သည် (သူကြီး ၂း၁၂)။ ထို့ကြောင့် ဆိုးရွားသောရလဒ်ကို ခံစားရသည်။ ကရုဏာစိတ်နှင့် ဘုရားသခင်က တရားသူကြီးတို့ကို ပေါ်ထွန်းစေပြီး ကယ်တင်ပေးကာ သူ့ထံ ပြန်လှည့် စေသည့်အခါမှ အဆင်ပြေတော့သည် (၂း၁၈)။

ကျွန်တော်တို့ကို ကိုယ်တော်ချပေးသည့် ညွှန်ကြားမှု လမ်းညွန်တိုင်း အရေးမကြီးလှ ဟု ထင်သော သေးငယ်သည် ဟုထင်မြင် မိသော လမ်းညွန် တိုင်း ကိုပင်လျှင် ဘုရားသခင်သည် ရည်ရွယ်ချက် ရှိရှိဖြင့် အဓိပ္ပါယ် ရှိရှိဖြင့် ပေးခဲ့ခြင်း လမ်းညွန်ခဲ့ခြင်းဖြစ်ပါသည်။ လောကတွင် အောင်မြင်သော အသက်တာ ကို ရရှိနိုင်ရန် လောကနှင့် သက်ဆိုင်သော သိသော တတ်သော သူများ၏ လမ်းညွန်ချက်များကို တိတိကျကျ လိုက်နာရန် လိုအပ်သကဲ့သို့၊ ကျန်းမာသော ခရစ်ယာန် အသက်တာကို ရရှိခံစားနိုင်ဖို့ ဘုရားသခင်ပေးသော သမ္မာကျမ်းစာ ထဲမှ ဝိညာဥ်ရေးရာ လမ်းညွန်များကို ဖတ်ရှုလေ့လာ နာခံပြီး၊ တိတိကျကျ လိုက်နာ ကျင့်သုံးရန် လိုအပ်ပါသည်။ ဘုရား၏ နှုတ်ကပတ်တော်နှင့် သူ၏တည်ရှိမှု မျက်မှောက်တော်၌ ကျွန်တော်တို့ကို ပေးသနားထားသော လက်ဆောင်မွန်ကား ကြီးမြတ်လှပေသည်။

သောင်းနိုး (Thawngno)

August 23, 2021

Leave a comment