ဖခင်၏မျက်လုံးများ

မိခင်ဖြစ်သူသည် သူအလွန်ငယ်ရွယ်ခဲ့စဥ်တွင်ဆုံးပါးသွားခဲ့ သဖြင့် ဂျိုနသန် သည် ဖခင်နှင့်အတူ ကြီးပြင်းလာခဲ့သည်။ အိမ်ထောင်ရှင်မ မရှိသော သားအဖ နှစ်ယောက်၏ မိသားစုဘဝတွင် သူတို့၏ လူမှုဆက်ဆံရေး ပုံစံသည် အလွန်ငြိမ်းချမ်းခဲ့သည်၊ မည်သည့် သားအဖ ကြားတွင်ပင် မတွေ့ နိုင်သော တစ်ယောက်ကို တစ်ယောက် ချစ်ခြင်း၊ ဂရုစိုက်ခြင်း၊ လေးစားခြင်း၊ ဖေးမခြင်း၊ တွယ်တာခြင်း တို့ကို တွေ့ရှိနိုင်သည်။

ဂျိုနသန်သည် ဘောလုံးကစားခြင်းကို ဝါသနာကြီးသူဖြစ်ပြီး သူတက်ရောက်သော ကောလိပ်ဘောလုံးအသင်းတွင် ပါဝင်ကစားသည်။ သားဖြစ်သူ၏ အသင်းကစားသည့် ပွဲတိုင်း တစ်ပွဲမကျန် ဂျိုနသန် ၏ အဖေ  လာရောက် အားပေးကြည့်ရှုတတ်သည်။ အမှန်တော့ ဂျိုနသန်သည် အနည်းငယ်အရပ်ပုပြီး သေးကွေးသဖြင့် ပွဲအတော်များများတွင် အရံအဖြစ် သာဘေးမှ ပါဝင်ခွင့်ရသူဖြစ်သည်။ သို့သော်လည်း ဂျိုနသန် ပါဝင်ကစားခွင့် ရသည်ဖြစ်စေ၊ မရသည်ဖြစ်စေ ဖခင်ဖြစ်သူသည် လာရောက်အားပေးရန် မပျက်ကွက်ခဲ့ဖူးပါ။  သူ၏ သေးကွေးသော အရပ်အမောင်းကြောင့် ဘော်လုံးနည်းပြဆရာက ဂျိုနသန် ကို မည်မျှပင်ကြိုးစားပေလေ့စေ၊ အောင်မြင်မည် မဟုတ်ဟု တွက်ထားသည်။ သို့သော်လည်း သူ၏ ဇွဲ၊ သူ၏ ဝိရိယ၊ သူ၏ စိတ်အားထက်သန်မှု ကြောင့်သာအသင်းမှ မထုတ်ရက်ဘဲ ဆက်ပါဝင်ခွင့်ပေးထားသည်။

တစ်ရက် ဘော်ဘုံးလေ့ကျင့် သည့်အချိန်တွင် ဖခင် ရုတ်တရက် ဆုံးပါးသွား ကြောင်း မိတ်ဆွေတစ်ယောက်က သတင်းလာပို့သည်။ နည်းပြဆရာထံသွား၍ ဖခင် ရုတ်တရက် ဆုံးပါးသွားသဖြင့် ထိုနေ့  အတွက် ပျက်ကွက်ခွင့်ပေးပါရန် အခွင့်တောင်းရာ နည်းပြဆရာက ဖခင်ဆုံးပါးသည့်အတွက် အလွန်ဝမ်းနည်းကြောင်း ပြောပြီး တစ်ပတ်လုံး ပျက်ကွက်ခွင့် ပါပေးလိုက်သည်။ စနေနေ့တွင် ကစားမည့် ပွဲတွင်လည်း မလာလျှင်လည်း စိတ်ပူစရာမလိုကြောင်း နားနားနေနေ အိမ်တွင်အနားယူ နိုင်ကြောင်း ပြောသည်။

စနေနေ့ ကစားသည့် ပြိုင်ပွဲတွင် မျှော်လင့်မထားသော်လည်း ဂျိုနသန် ရောက်လာသည့် အချိန်တွင် သူတို့အသင်း ၂ ဂိုးအသွင်းခံထားရပြီး အနိုင်ရရန် မျှော်လင့်ချက်မှေးမိန်နေခဲ့သည်။ ဂျိုနသန် သည် နည်းပြဆရာထံ သွားပြီး သူ့အား ကစားခွင့်ပေးရန် တောင်းပန်သည်။ အစပိုင်းတွင် မပေးချင်သော်လည်း ကြိန်ဖန်များစွာ တောင်းပန်သောအခါ ကစားခွင့်ပေးလိုက်သည်။

နည်းပြဆရာသည် ဂျိုနသန် ကိုမျှော်လင့်မထားသော်လည်းသူ ဝင်ရောက်ကစားသည့် အချိန်မှ စပြီးအခြေအနေပြောင်းသွားသည်။ နောက်ဆုံး ပွဲပြီးသည့်အချိန်တွင် ၃ ဂိုး ၂ ဂိုးဖြင့် အနိုင်ရခဲ့သည်။ ပွဲပြီးသည့် အချိန်တွင် ပရိတ်သတ်အများအပြား ဂျိုနသန် ထံသို့ ပြေးလာပြီး ဝမ်းသာအားရ ဂုဏ်ပြုချီးကျုးကြသည်။

နည်းပြဆရာကလည်း ငါ့လူ ဘယ်လို လုပ်လိုက်တာလဲ? ငါတောင်ဘယ်လိုမှ နားမလည်နိုင်တော့ဘူး ဟု ပြောရင်း ချီးကျုးဂုဏ်ပြုလိုက်ရာ၊ ဂျိုနသန်က “ကျွန်တော်ကစားတဲ့ ပွဲတိုင်းကို အဖေလာပြီး အားပေးခဲ့ပေမဲ့ တကယ်တော့ ကျွန်တော်အဖေက မျက်စိ နှစ်ဖက်စလုံး မမြင်တဲ့ မျက်ကန်းတစ်ယောက်ပါ၊ အခု သည်နေ့ပွဲကို ဘုရားသခင်ရဲ့ ရင်ခွင်ထဲကနေ သူ အားပေးကြည့်နေမယ်ဆိုဒါ ကျွန်တော် သိနေတယ်လေ…. တကယ်တော့ သည်နေ့ပွဲက ကျွန်တော် ကစားတဲ့ ပွဲကို သူ အတွက် ပထမဆုံး အကြိမ် မြင်ခွင့်ရတဲ့ ပွဲမို့လို့ ကျွန်တော် ချစ်တဲ့ အဖေ့ကို ကျွန်တော်ဘယ်လောက် တော်တယ်ဆိုဒါကို ပြချင်လွန်းလို့ မီးကုန်ယမ်းကုန် ကစားလိုက်ဒါပါ” ဟု ဖြေလိုက်သည်။

 

ဖခင်များအားလုံးကျန်းမာချမ်းသာကြပါစေ။

 

သောင်းနိုး (Thawngno)

June 19, 2020

 

မှတ်ချက်။   ။ဘုရားသခင်၏ ရင်ခွင်တွင် အနားယူခဲ့ပြီးဖြစ်သော ဖခင်အားရည်စူး ဂုဏ်ပြုလျက်။ အမည်မသိစာရေးဆရာတစ်ဦးရေးသော “A Father’s Eyes” ကို မှီငြမ်းပြီး ဆီလျော်အောင်ပြင်ဆင် ရေးသားထားပါသည်။

Leave a comment