The Doctrine of Adoniram Judson (ယုဒသန်၏သွန်သင်ချက်)

ဇူလိုင်လသည် မြန်မာပြည်ရှိ ယုံကြည်သူများအတွက် နှစ်ခြင်းသာသနာတော် စတင်ရာက်ရှိလာရာ လထူးလမြတ်ဖြစ်သကဲ့သို့ ကမ္ဘာ့နှစ်ခြင်းသမိုင်းတွင်လည်း အရးကြီး လှသော သာသနာ့သမိုင်းမှတ်တိုင် စိုက်ထူရာလ  ဖြစ်ပါသည်။

Ann Judson
Ann Judson

၁၇၉၂ ခုနှစ်တွင် အင်္ဂလန်နိုင်ငံမှ နှစ်ခြင်းသာသနာပြုဆရာကြီး ဝီလျံကယ်ရီ (William Carey) သည် ခေတ်ပေါ်သာသနာပြုလှုပ်ရှားမှု (Modern missionary Movement) ကို စတင်ခဲ့ပြီး နှစ်ခြင်းသာသနာပြုအသင်းကြီး (Baptist Missionary Society) မှ ခေတ်အဆက်ဆက် သာသနာပြုလုပ်ငန်းကို ဆက်လက်ဆောင်ရွက်ခဲ့ပါသည်။ ထိုနည်းတူစွာ အမေရိကန်ပြည်ထောင်စုမှ အဒိုနီရမ်ယုဒသန် ဇနီးမောင်နှံတို့ကလည်း ၁၈၁၂ခုနှစ်တွင် Congregation ခေါ် ရေဖျန်းဂိုဏ်း အနေနှင့် အရှေ့ပိုင်းအိန္ဒိယသို့ သာသနာပြုရန် ထွက်ခွါလာခဲ့ကြသည်။ ထိုကဲ့သို့ အိန္ဒိယနိုင်ငံကို ဦးတည်ပြီး သာသနာခရီးပြုနေစဉ် ကျမ်းစာတော်မြတ်ကို နှိုက်နှိုက်ချွတ်ချွတ်လေ့လာရာမှ သန့်ရှင်းသော ဝိညာဉ်တော်၏ လမ်းပြလှုံံ့ဆော်မှုကြောင့် နှစ်ခြင်းဂိုဏ်းဂဏသို့ ပြောင်းလဲခဲ့ပြီး အမိမြန်မာပြည်သို့ အမေရိကန် နှစ်ခြင်းသာသနာပြုအဖြစ် ကမ္ဘာ့သာသနာ့သမိုင်းတွင်ခဲ့ပါသည်။ ဆရာကြီး ယုဒသန်နှင့်ဇနီး Ann တို့်သည် မြန်မာပြည်သို့ နှစ်ခြင်း သာသနာပြုဖို့ရန် နဂိုရည်ရွယ်ချက်မရှိကြပါ။

မြန်မာပြည်ကိုချစ်သောသဘာဝနှင့် တကွသမိုင်း၏ ရှင်သခင်ဖြစ်တော မူသော ဘုရားသခင်သည မုန်တိုင်းကို အသုံးပြုကာ သူတို့စီးနင်းလာသော Georgians သင်္ဘောကြီးကိုရန်ကုန်မြို့သို့ ဆိုက်ရောက်စေခဲ့ပါသည်။ ထိုအမေရိကန် နှစ်ခြင်းသာသနာပြုဆရာကြီးနှင့် မမယုဒသန်တို့၏ ရောက်ရှိလာရာ ၁၈၁၃ ခုနှစ်၊ ဇူလိုင်လ (၁၃)ရက်နေ့ကို အစွဲပြုလျက် နှစ်စဉ်နှစ်တိုင်း ဇူလိုင်လ ဒုတိယအပတ် တနင်္ဂနွေနေ့ကို ယုဒသန်နေ့(ဝါ) အသင်းချုပ်နေ့အဖြစ် ကျင်းပပါသည်။ ၂၀၀၃ခုနှစ်တွင် ဇူလိုင်လ (၁၃)ရက်နေ့သည် တိုက်တိုက်ဆိုင်ဆိုင် ဒုတိယ တနင်္ဂနွေနေ့တွင် ကျရောက်ပါသဖြင့် အလွန်မွန်မြတ်သော နေ့ထူးနေ့မြတ်ပင်ဖြစ်ပေသည်။

ယေဘုယျအားဖြင့် နှစ်စဉ်နှစ်တိုင်း ယုဒသန်နေ့တွင်ဆရာကြီးနှင့်မမတို့၏ အတ္ထုပ္ပတ္တိ (Biography) နှင့် သူတို့၏ပြင်းထန်လှသော သာသနာပြု စိတ်ဓါတ် (Vital mission Spirit) များကို မီးမောင်းထိုးလျက် ခရစ်ယာန်ခေါင်းဆောင်း အသီးသီး၊ ဆောင်းပါးရှင် အသီးသီးတို့က အကျယ်တဝင့်တင်ပြလေ့ရှိကြပါသည်။ ယုံကြည်သူတိုင်းသိသင့် သိထိုက် သောာ အရာများ ဖြစ်ပါသည်။ သူတို့၏ အသက်တာ နှင့် မဆုတ်သော ဝိရိယများကို အဖန်တလဲလဲ ကြားဖို့ လိုအပ်ပါသည်။ ယနေ့ ယုံကြည်သူတို့သည် သူတို့ကို အောက်မေ့လျက်သူတို့၏ အသက်တာနှင့်လုပ်ဆောင်မှုများကို စေ့စေ့ဆင်ခြေလျက် သူတို့၏ ယုံကြည်ခြင်းကို မီအောင်လိုက်ဖို့ လိုအပ်ပါသည်။ (ဟေဗြဲ ၁၃းရ) ။ ထိုကဲ့သို့ သူတို့၏ ယုံကြည်ခြင်းကို မီအောင်လိုက်နိုင်ဖို့ရန်လည်းသူတို့ ယုံကြည်လက်ခံသော သွန်သင်ချက် (Doctrine) များကို နားလည်သဘောပေါက်ဖို့ လိုအပ်မည်ဖြစ်သည်။ သို့ပါ၍ ၂၀၀၃ခုနှစ်၊ ယုဒသန်နေ့ကို ရည်စူးပြီး ဆရာကြီးယုဒဿန်ဟောကြားသွန်သင်ခဲ့သော “ယုဒဿန်၏သွန်သင်ချက်” (The Doctrine of Adoniram Judson) ကိုခိုင်လုံအားကိုး လောက်သော မှတ်တမ်းမှတ်ရာတစ်ခုအပေါ် မှီငြမ်းလျက် တင်ပြသွားပါသည်။

၁။ ကယ်တင်ခြင်းနှင့် ယှဉ်သော ဧဝံဂေလိတရားတော်
(The Gospel of Salvation )
ယုဒသန်၏ ယုံကြည်ခြင်းနှင့် သွန်သင်ခြင်းတွင်ထင်ထင်ရှားရှားပေါ်လွင်သောအချက် တစ်ခုမှာ ခရစ်တော်ကို မိမ၏ အရှင်သခင်အဖြစ်လက်မခံဘဲ မိမိ၏အပြစ် နွံထဲ၌ ကျင်လည်း နေသော လူတိုင်းသည် ငရဲထဲသို့ရောက်ကာ ထာဝရဆင်းရဲခြင်းသို့ ဧကန်မုချ ကျရောက် မည့်အကြောင်းပင်ဖြစ်သည်။ ထိုဆင်းရဲခြင်း ငရဲဘုံမှ ကင်းလွတ်နိုင်ရန်တစ်ခုတည်းသော ထွက်ပေါက်မှာ သန့်ရှင်းသော ဝိညာဉ်တော် အားဖြင့် ရွေးနှုတ်ခြင်းခံရသော ယုံကြည်သူများ ရရှိနိုင်ရန် ကယ်တင်းခြင်းတရား၊ ဧဝံဂေလိတရားဟောပြော ခြင်းသာဖြစ်သည်။ နောင်တရ လျက် ခရစ်တော်ကို ယုံကြည်လက်ခံခြင်းသည် ဆရာကြီးဟောကြားသော ဧဝံဂေလိတရား တော် အနှစ်သာရပင်ဖြစ်သည်။ ကယ်တင်ခြင်း၊ မရရှိသော သူများထံသို့ ခရစ်တော်ကို တင်ပြလျက် ထိုသူတို့နှင့်မိတ်သဟာယဖွဲ့ဖို့ အဓိကကြိုးပမ်းခဲ့သည်။ အပြစ်သားများအား ခရစ်တော်ထံသို့ ခေါ်ဆောင် နိုင်ဖို့ရန်သန့်ရှင်းသောဝိညာဉ်တော်သည်တွေးတောဆင်ခြင်မှု နှင့် တိုက်တွန်း နှိုးဆော်မှုနည်းလမ်းများအသုံးပြုသည်ဟု သွန်သင်ခဲ့သည်။

လူတိုင်းသည် ထာဝရအသက်ကို ရရှိနိုင်သည်ဟု ဆရာကြီးယုဒဿန် ယုံကြည်ပါသည်။ ဆရားကြီး၏ အတ္ထုပ္ပတ္တိကို ရေးသားသူ Francis Wayland က “ဆရာကြီးယုဒဿန်၏ အဓိကဦးတည်ချက်မှာ လူတစ်ဦးစီတို့၏ စိတ်နှလုံးပြောင်းလဲခြင်းအား ဖြင့် လူသားတစ်ရပ်ပြောင်းလဲမှုဖြစ်ရန်” ဟူသော ဦးတည်ချက်ပင်ဖြစ်ပါသည်။ ဤ တစ်ခုတည်းသောနည်းလမ်းမှာ ဘုရားသခင်ထံမှ သတင်းကောင်းကို ယူဆောင်ပြီး ဟောကြားပါက သန့်ရှင်းသော ဝိညာဉ်တော်က ကူညီထောက်မပြီး လူသားများကို ပြောင်းလဲစေနိုင်မည်ဖြစ်ပါသည်။

ယုဒဿန်သည် သူ၏အမှုတော်ဆောင်ရာ၌ အံ့သြဖွယ်အရာများ (miracles) ကိုသာ အားကိုးပြီး တရားမဟောပါ။ လူသားများပြောင်းလဲစေရန် မျက်လှည့်ဆရာကဲ့သို့ထူးဆန်း သော အရာများကို အားမကိုးပါ။ လူသားများပြောင်းလဲစေဖို့ရန် ဧဝံဂေလိတရားတော်သည် သာလုံလောက်ကြောင်း သူအကြွင်းမဲ့ ယုံကြည်သည်။ ယုံကြည်သူတိုင်း၏ အသက်တာတွင် ခရစ်တော်ကိန်းဝပ်သည်ဖြစ်ရာ ထိုကဲ့သို့သော ယုံကြည်သူများအားဖြင့် ဧဝံဂေလိတရားတော် သည် မြန်မာပြည်တစ်ဝှမ်လုံး၌ ထပ်ဆင့်ပြီး ပြန့်နှံ့မည်ဟု သူတစ်ထစ်ချ ယုံကြည်သည်။ သို့မှ သာ ဤတိုင်းပြည်နှင့်နိုင်ငံတော်သည် ခရစ်တော်ဘုရားသခင်၏ အုပ်စိုးရာ နိုင်ငံတော် ဖြစ်နိုင်မည်သာ ဖြစ်သည်။

ကယ်တင်ခြင်းတရားဟောပြောဖို့နှင့် ထိုတရားတော်သည် အပြစ်သားများ ခရစ်တေ်ကို လက်ခံဖို့ရန် ဆွဲဆောင်နိုင်သော တန်ခိုးရှိကြောင်း ဆရာကြီး က ယုံကြည်ပါသည်။ ထို့ကြောင့် သူကိုယ်တိုင်ကလည်းထိရောက်သောတရားဟောသောအခါ ကြားနားသောသူများအတွက်ထိထိမိမိ ဟောပြောနိုင်စွမ်းရှိကြောင်းသူ့ခေတ်သူ့အခါက ယုံကြည်သူများမှတ်တမ်းတင်ခဲ့ကြသည်။ ဧဝံဂေလိတရားတော် သည် အပြစ်သားများအား ပြောင်းလဲစေနိုင်သော ဘုရားသခင်၏ တန်ခိုးတော်ဖြစ်ရာ ဟောပြောဖို့ရန် အထူးလိုအပ်ကြောင်း ဆရာကြီး ယုဒဿန်က လေးလေးနက်နက်သွန်သင်ခဲ့ပါသည်။

၂။ ယုံကြည်သူများ နှစ်ခြင်းမင်္ဂလာ ခံယူခြင်းနှင့် အသင်းတော် ထုံးတမ်းစဉ်လာ
(Believer’s Baptism and Church Order)
အရှေ့တိုင်းပြည်သို့ သာသနာပြုရန် ခရီးပြုစဉ် တွင်ဆရာကြီးယုဒဿန်က ကျမ်းစာကို နှိုက်နှိုက်ချွတ်ချွတ်လေ့လာပြီး ကျမ်းဟောင်းနှင့်စပြုခဲ့ပါသည်။ အာဗြံဟံနှင့် ဘုရားသခင်ပြုခဲ့သော ပဋိညာဉ်၊ မောရှေနှင့် ဘုရားသခင်ပြုခဲ့သော ပဋိညာဉ် အဟောင်းတို့ကို လေ့လာပြီးထိုမှတစ်ဆင့် ခရစ်တော်အားဖြင့်ပြုလုပ်သော ပဋိညာဉ်အသစ်ကိုလည်းသူ လေ့လာခဲ့သည်။ အကယ်၍များ သူသာသနာပြုမည့် လူမျိုးနွယ် တစ်စုစုတွင် ထိုလူမျိုးနွယ်စု၏ အကြီးအကဲ (Tribal Chief) က စိတ်ပြောင်းလဲခဲ့သော် ထိုပြောင်းလဲမှုသည် သူအုပ်စိုးသော လူမျုးိနွယ်စုအားလုံးအပေါ် မည်ကဲ့သို့သော ဂယက်ရိုက်မှုရှိမည်ကို သူစဉ်းစားမိလေသည်။ အာဗြံဟံ၏အမျိုးအနွယ်တို့သည် ဘုရားသခင်နှင့် အာဗြံဟံတို့၏ ပဋိညာဉ်ပြုခြင်းအားဖြင့် အရေဖျားလှီးခြင်းခံယူသကဲ့သို့ ဤပြောင်းလဲသော မျိုးနွယ်စုအကြီးအကဲ၏ အမျိုးအနွယ် တစ်ခုလုံးကလည်း၊ နှစ်ခြင်းကို ခံယူမည်လားဟူ၍ သူတွေးမိပါသည်။ ဤအကြောင်းနှင့် ဆက်နွယ်သောကျမ်းပိုဒ်အားလုံးကိုသူ လေ့လာခဲ့ပါတော့သည်။ ဤမေးခွန်းကို ခေါင်းစဉ်အလိုက်သာ မစဉ်းစားတော့ဘဲ သက်ဆိုင်ရာ ကျမ်းပိုဒ်များကို လုံးစေ့ပတ်စေ့ လေ့လာပါတော့သည်။ (၁ကောရး၁၄ )နှင့် (တ ၂း၁၉) အပါအဝင်အခြားသက်ဆိုင်ရာ ကျမ်းပိုဒ်များကို လည်းလေ့လာခဲ့ပါသည်။ BAPTIZO ခေါ်ဂရိ (ခေါမ) ဝေါဟာရ စကားလုံး၏ အနက်အဓိပ္ပါယ်ကို စေ့စေ့စပ်စပ်လေ့လာသောအခါ “ရေထဲသို့အကုန်အစင်နှစ်ခြင်း ” immerse ဟူသော အနက်အဓိပ္ပါယ်ရှိကြောင်း သံသယကင်းမဲ့စွာ သူနားလည် သဘောပေါက်ခဲ့သည်။ နက်နက်နဲနဲ သဘောပေါက်ခံယူပြီး သောအခါအဖိုးအခဘယ်လောက် ပဲပေးရပေးရ အမှန်အတိုင်း ကျင့်သုံးရန် သူသန္ဓိဌာန်ချခဲ့သည်။ သူ၏သာသနာ ပြုခြင်းအတွက် ထောက်ပံ့ကြေးကိုပင် ဤရေနှစ်ခြင်းခံ ခြင်းအားဖြင့် ဆုံးရှုံးရမည်ဖြစ်ကြောင်း သူအကြွင်းမဲ့ နားလည်ခဲ့သည်။ သို့ရာတွင် ထိုခံရမည့်အခက်အခဲသည် သူ၏ ဆုံးဖြတ်ချက်ကို မတားဆီးနိုင်ပါ။ သူသည် မှန်သည်ဟု ယူဆသည့်အတိုင်း ဆုံးဖြတ်လျက် ရေနှစ်ခြင်း မင်္ဂလာကို ခံယူသည်။

ဤမှန်ကန်သော ယုံကြည်ခြင်းကြောင့် မိမိ၏ အပြစ်ကို နောင်တရခြင်းနှင့် သက်သေခံခြင်းတည်းဟူသော ရေနှစ်ခြင်းမင်္ဂလာကို ခံယူသော အခါသူသည် အသင်းတော်၌ ပါဝင်သော ယုံကြညသူအသင်းသားတစ်ဦးဖြစ်လာသည်။ အသင်းတော်၌ရှိသော ပွဲတော် မင်္ဂလာကို သုံးဆောင်ခြင်း၊ အသင်းတော် စည်းမျဉ်းစည်းကမ်းလိုက်နာခြင်းများကို သူစတင်ကျင့်သုံးခဲ့ပါသည်။

ယုံကြည်လျက် နှစ်ခြင်းခံယူပြီးသူတိုင်းသည် အသင်းတော်တွင် အသင်းသူ၊ အသင်းသားများဖြစ် ပါဝင်လျက် အသင်းတော်၏စည်းမျဉ်းစည်းကမ်းအတိုင်း အသက်ရှင်ပြီး ကြီးထွားရင့်ကျက်ရမည်ဟုသူယုံကြည် သွန်သင်ခဲ့ပါသည်။

၃။ ကျေးဇူးကရုဏာ ခံစားရန် နည်းလမ်း
( The means of grace)
ဆရာကြီး ယုဒဿန၏ သာသနာပြုခြင်းတွင် ဧဝံဂေလိတရားဟောပြောခြင်း၊ အသင်းတော်တည်ဆောက်ခြင်း၊ အသင်းတော်၏ ခေါင်းဆောင်များ မွေးထုတ်ခြင်းများတို့ သည် တစ်ဆက်တည်းလုပ်ဆောင်ရမည့် လုပ်ငန်းများဖြစ်ကြောင်း ထင်ရှားပါသည်။ သူမွေး ထုတ်သော ဒေသခံခေါင်းဆောင်များကို သူ ထပ်ဆင့် စေလွှတ်ခံပါသည်။ တစ်ချို့သောသူ၏ လုပ်ဖော်ဆောင်ဘက် သာသနာပြုတတ်ကြပါသည်။ ဆရာကြီး ယုဒဿန်ကား ထိုကဲ့သို့မဟုတ်ပါ။ ဤနေရာတွင် အိန္ဒိယနိုင်ငံရှိ အင်္ဂလိပ်နှစ်ခြင်းသာသနာပြုဆရာကြီး William Carey နှင့် မြန်မာပြည်ရှိ ဆရာကြီး Adoniram Judson တို့ ခြားနားခဲ့ကြသည်။ William Carey သည် အိန္ဒိယနိုင်ငံကို သာသနာပြုရာ၌ ဧဝံဂေလိတရားဟောခြင်း၊ ကျမ်းစာဘာသာပြန်ခြင်း၊ စာသင်ကျောင်းများဖွင့် လှစ်ခြင်း၊ ကြွေးကြော်ခြင်း (Proclamation) ဘာသာပြန်ခြင်း၊ (translation) နှင့် ပညာပေးခြင်း (education) ဟူ၍ ကဏ္ဍိုင်သုံးခုကို ဦးတည်ခဲ့ပါသည်။ ခရစယာန်သာသနာကျောင်းများတွင် ဘာသာပေါင်းစုံသင်ကြားပါသော် လည်း ကျမ်းစာက အဓိကဘာသာပင်ဖြစ်ပါသည်။ ဆရာကြီး ယုဒဿန်၏ သာသနာပြုနည်းဗျူ ဟာကား အထက်ပါနည်းဗျူဟာနှင့် ခြားနား ခဲ့ပါသည်။ သူသည်ဟောပြောခြင်း (preaching)ယုံကြည်သူများအား စုစည်းလျက် အသင်းတော်များ တည်ထောင်ခြင်း (Church planting) နှင့် ယုံကြည်သူ အသင်းသားများအား နှစ်ဦးစီတွဲလျက် စေလွှတ်ခြင်း (sending out) များပြုလုပ်ခဲ့ပါသည်။ ဤနည်းဗျူဟာသည် မြန်မာပြည်အတွက် အတော်ပင် ထိရောက်ပါသည်။ တရားဟောပြောခြင်းနှင့်အတူ ဆုတောင်းခြင်းနှင့် ဆုတောင်းအစည်းဝေး ကိုလည်း ဆရားကြီး ယုဒဿန်က အဓိက ထားပါသည်။ ၁၈၁၉ ခုနှစ်၊ နိုဝင်ဘာလ (၁၀)ရက်နေ့ သူ၏ နေ့စဉ်မှတ်တမ်း (diary )ထဲတွင် “ဤနေ့ညတွင် မြန်မာပြည်သာသနာအတွက် တစ်ခါမှ မပြုလုပ်ဖူးသေးသောပထမဆုံးဆုတောင်းစည်းဝေးပင် ဖြစ်သည်။ ကျွန်ပ်နှင့် အတူ ပြောင်းလဲပြီးသူ သုံးဦး ပါဝင်ပါသည်။ ယခုမှစ၍ အင်္ဂ ါနေ့နှင့် သောကြာနေ့တိုင်း အတူတူ ဆုတောင်းစည်းဝေးများကို အိမ်ထောင်ဝတ်အပြီးတွင် ကျင်းပရန် ငါတို့သဘောတူကြပါသည် ” ဟု မှတ်တမ်းတင်ခဲ့ပါသည်။ လေးရက်ကြာသောအခါ ” ဤည ပြောင်းလဲပြီးသူသုံးဦး တို့သည် မိမိတို့၏ ဆန္ဒအရ တရားစရပ်တွင် ဆုတောင်းစည်းဝေးပြု လုပ်ခြင်းကို တွေ့ပါသဖြင့် အလွန်ဝမ်းသာအားရမိပါသည် “ဟု မှတ်တမ်းတင်ခဲ့ပြန်ပါသည်။

ဧဝံဂေလိတရားဟောကြားခြင်းနှင့် ဝိညာဉ်အသက်တာ ရှင်သန်ကြီးထွားရေးအတွက် ဆုတောင်းပဌနာပြုခြင်းတို့သည် လူသားများက ကျေးဇူးတော်ခံစားရန်အတွက် နည်းလမ်းများ ဖြစ်သည်ဟု ဆရာကြီး ယုဒဿန် ယုံကြည်လက်ခံလျက် သွန်သင်ခဲ့ပါသည်။

၄။ ကျေးဇူးကရုဏာတော်အကြောင်း သွန်သင်ချက်
(The doctrine of grace)
ရေနှစ်ခြင်းမင်္ဂလာ သွန်သင်ချက်နှင့်စပ်လျဉ်း၍ ဆရာကြီးယုဒဿန်သည် စေ့စေ့စပ်စပ်လေ့လာကာ လက်တွေ့ကျင့်သုံးကြောင်း တွေ့ရပါသည်။ သို့ရာတွင် အခြား သော သွန်သင်ချက်များတွင်မှု ထိုနှစ်ခြင်းမင်္ဂလာကဲ့သို့သေချာစွာ လေ့လာမှုနှင့် ကျင့်သုံးမှု ကို မပြုလုပ်နိုင်တော့ပါ။ အမှန်မှာ ခရစ်ယာန်ယုံကြည်ချက်နှင့် သွန်သင်ချက်အားလုံးတို့ကို ထိုကဲ့သို့လုံးစေ့ပတ်စေ့ လေ့လာမှု နားလည်ခြင်းနှင့် ကျင့်သုံးခြင်း ပြုလုပ်ရန် မလွယ်ကူပါ။ မဖြစ်နိုင်ပါ။ အကြောင်းမှာ ခရစ်ယာန် ယုံကြည်ခြင်းသည် သိကျွမ်းခြင်း၌ သာအခြေမခံ၊ မသိရသောအရားများပင်လျှင် ယုံကြည်ခြင်းအားဖြင့် လက်ခံခြင်းအပေါ်၌ လည်း အခြေခဲသော ကြောင့် ဖြစ်ပါသည်။ ကျေးဇူးကရုဏာတော်တရားနှင့် ပတ်သက်ပြီး ဆရာကြီးယုဒဿန်သည် သူ၏သိကျွမ်းခြင်း၊ လေ့လာခြင်းကို သာအားမကိုးဘဲမစုံမလင် သိတတ်ခြင်းကိုပင် ယုံကြည်ခြင်းအားဖြင့် ကျေနပ်နှစ်သက်သည် ကယ်တင်ခြင်းရမည့်သူများအား သီးခြားရွေးချယ် သတ်မှတ်ခဲ့သည်ဟူသော Predestination အတွေးအခေါ် လွှမ်းမိုးခဲ့သည်ဖြစ်ရာ ကယ်တင်ခြင်းရရှိနိုင်သည် ဟူသော Arminianism ယုံကြည်မှုသည် မလွှမ်းမိုးနိုင် သေးပါ။ တစ်နေ့သော အခါ၌ ဤအတွေးအခေါ်သည် လွှမ်းမိုးလာလိမ့်မည်ဟုလည်းသူ မတွေးတောခဲ့ပါ။ ကျွန်ပ်တို့ ခေတ်တွင်ရေပန်းစားနေသော ဓမ္မအတွေးခေါ် ဖြစ်သည့် ကျေးဇူးတော်ကို လွတ်လပ်စွာ ရွေးချက်ပိုင်ခွင့် နှင့် ရှုံ့ချပိုင်ခွင့်ကိုလည်း ထိုအချိန်ကလူများ လက်မခံသေးပါ။

လူတစ်ဦးတစ်ယောက်၏ လွတ်လပ်စွာ ရွေးချယ်မှု (free will) ကြောင့် ကယ်တင်ခြင်းရရှိကြောင်းကို ဆရာကြီးယုဒဿန်က လက်မခံခဲ့ပါ။ သူ့ခေတ်သူ့ ကာလ တွင်ဤအတွေးအခေါ်သည် လူနည်းစုကသာလက်ခံသော အတွေးအခေါ် တစ်ခုဖြစ်ပါသည်။ သူ မြန်မာလိုရေးထားသော ၁၈၂၉ခုနှစ်ထုတ် ” ယုံကြည်ခြင်းဖော်ပြခြင်း” (Confession of faith) တွင်ကျေးဇူးကရုဏာတော်နှင့် စပ်လျဉ်းပြီးသူ၏ ယုံကြည်ခြင်းကိုအတိအလင်းဖော်ပြ ထားပါသည်။ ကယ်တင်ခြင်းရရှိဖို့ရန်လူတစ်ဦး တစ်ယေက်သည် မိမိဘာသာ မိမိရွေးချယ်ခြင်း မဟုတ်ဘဲ ဘုရားသခင်၏ ကျေးဇူးတော်ကြောင့် ရွေးချယ်ခြင်း မဟုတ်ဘဲ ဘုရားသခင်၏ ကျေးဇူးတော်ကြောင့် ရွေးချယ်ခြင်းခံလျက် ကယ်တင်ခြင်း ရရှိကြောင်းကို ရှင်းလင်းစွာ ဖော်ပြသွားပါသည်။ သူသည် မြန်မာပြည်တွင်တစ်ကြိမ်သာ အင်္ဂလိပ်ဘာသာဖြင့် တရားဟောကြားခဲ့ရာ ထိုတရားတော်အတွက် (ယော ၁၀း၁-၁၈ ) ကို ကျမ်းပိုဒ်အဖြစ် ရွေးချယ်လျက်ဟောခဲ့ပါသည်။ ဤအင်္ဂလိပ်ဘာသာဖြင့် ဟောပြောသောတရားတွင် ဆရာ ယုဒဿန် သည် ခရစ်တော်၏ ရွေးချယ်ခြင်းဖြစ်ကယ်တင်ခြင်း ရရှိခဲ့ခြင်း (electing love of Christ) ကို အထူးပြုလျက် ဟောကြားခဲ့ပါသည်။ ကနဦး အသင်းတော်ဖခင်ကြီး Augustine စတင်ဖော်ထုတ်ခဲ့သော ငြင်းဆန်၍မရသော ကျေးဇူးဂရုဏာတော် (irresistible grace) နှင့် တစ်ဦးချင်းရွေးချယ်သော ရွေးနှုတ်ခြင်း (particular redemption ) တို့သည် သူ၏တရားဟောချက်တွင် အတိအလင်းပေါ်လွင်ခဲ့ပါသည်။ မြန်မာပြည်အသင်းတော်အတွက် သူပြုစုထားသော “ယုံကြည်ခြင်းကြေငြာချက်” (Creedal Statement) တွင် ရွေးနှုတ်ခြင်းအားဖြင့် ကယ်တင်ခြင်းရရှိခြင်းနှင့် ပတ်သက် ပြီးသူသည်အောက်ပါအတိုင်း အတိအလင်းဖော်ပြခဲ့ပါသည်။ ဘုရားသခင်သည် ရှေးမဆွကပင်လျှင် ရွေးနှုတ်ခြင်းခံရသော သူများ တပည့်တော် ဖြစ်စေခြင်းအလို့ငှာသန့်ရှင်းသော ဝိညာဉ်တော်ကို စေလွှတ်တော်မူ၏ ”

(God sends the Holy spirit to enable those to become disciple who were chosen before the world was) ဆရာကြီး ယုဒဿန်သည် သူ့ခေတ်ကာလတွင် ရေပန်းစားသော အတွေးအခေါ်ဖြစ်သည့် ကျေးဇူးကရုဏာတော်၏ လွှမ်းမိုးမှုကို နက်နက်နဲနဲလက်ခံယုံကြည်ပါ သည်။ ထို့ကြောင့်လည်းထိုကဲ့သို့ရွေးချယ်ခြင်းခံရသောသူများ ဧဝံဂေလိတရားတော်မကြားရ မရှိရလေအောင်ကယ်တင်ခြင်းတရားဟောပြောခြင်းသည် အရေးတကြီး လိုအပ်သည်ဟု သူခံယူပါသည်။ ဤအချက်သည်သူ၏တောက် လောင်သောသာသနာပြုစိတ်ဓာတ်အရှိန်အ ဟုန်၏အစပြုခြင်းနှင့် ခွန်အား(impetus for his missionary zeal) ပင်ဖြစ်လာပါသည်။

၅။ သန့်ရှင်းစေခြင်းဆိုင်ရာ သွန်သင်ချက်များ
The doctrine of Sanctification
ကျမ်းစာဘာသာပြန်သူတစ်ဦးအနေဖြင့် ဆရာကြီး ယုဒဿန်သည် ကျမ်းပိုဒ်တစ်ခုစီ၏ အနက်အဓိပ္ပါယ်ကို တိကျမှန်ကန်စွာ သိရှိနားလည်နိုင်သောအခွင့်ထူးရှိ ပါသည်။ ထို့ကြောင့် အဓိက ခရစ်ယာန် ယုံကြည်ခြင်းတွင် အခြေခံကျသော ဖြောင့်မတ်စေ ခြင်း (the doctrine of justification ) နှင့် နေ့စဉ် သန့်ရှင်းစေခြင်း (the doctrine of sanctification) တို့ကို သူစေ့စေ့စပ်စပ် နားလည် သဘောပေါက်မည်ဖြစ်ပါသည်။ ဤသွန်သင်ချက်နှစ်ခုတို့၏ မူရင်းအဓိပ္ပါယ်ဖြစ်သော ပြည့်စုံခြင်း (definitive verb) များလားဟု သူကိုယ်တိုင်သေသေချာချာ နားလည်မည်ဖြစ်သည် ။ (ရော ၆း၁-၇၊ ၆း၁၊ ၁ကော ၁း၂၊ ၆း၁၁ ၊တ၂၀း၃၂)တို့ကို လေ့လာပါ။ သုံးပါးတစ်ဆူ ဘုရားသခင်နှင့် ဘယ်တော့မှ မပျက်ဘဲအမြဲတစေမိတ်သဟာယဖွဲ့ကြောင်းကို ဆရာကြီး ယုဒဿန်ကစိတ်ချပါသည်။ ဘယ်သောအခါမှ သံသယမရှိခဲ့ပါဘူး။ သို့ရာတွင် သူ၏ အသက်တာ၌ အမှောင်ဖုံးလွှမ်းသော အချိန်ကာလ ဖြစ်သည့် သူ၏ ချစ်ဇနီးများကွယ်လွန်ကာလ ဖြစ်သည့်သူ၏ ချစ်ဇနီးများကွယ် လွန်သောအချိန်၊ ဝမ်းနည်းကြေကွဲလျက် ယူ ကျုံးမရသော အချိန်ကာလတွင် ဘုရားသခင်ထံတော်ပါးမှ နှစ်သိမ့်ခြင်းကို ရရှိဖို့ရန် ဘုရားသခင်၏မေတ္တာတော်၊ ဆုကျေးဇူးတောင်းခံခဲ့ဖူးပါသည်။ သာ၍နက်နဲသောအတွေ့အကြုံတစ်ခုခုကို သူမက်မောပြီးတောင်းခဲ့ဖူးပါသည်။ ၁၈၂၉ခုနှစ်၊ မေလ၁၄ရက် ၊သူ၏နေ့စဉ်မှတ်တမ်း တွင် “ပြည်စုံသည့်သန့်ရှင်းစေခြင်းကို ဤဘဝတွင်ရရှိနိုင်သည်ဟု ယုံကြည်ပါသည်။ (Believe in the doctrine of perfect sanctification attainable in this life) ဟုရေးသားခဲ့ပါသည်။ ဤမှတ်တမ်းကို ကြည့်ခြင်းအားဖြင့် ဆရာကြီးယုဒဿန်သည် ပြည့်စုံသောသန့်ရှင်းစေခြင်းကို ဤလောကတွင်ရရှိနိုင်သည်ဟု ယုံကြည်မျှော်လင့်ကြောင်း၊ ပေါ်လွင်ပါသည်။

ဤနေရာတွင် သန့်ရှင်းစေခြင်း( Sanctification ) နှင့် ပတ်သက်ပြီး ပိုမို၍အကျယ်တဝင့် လေ့လာဖို့လိုပါသည်။ ဆရာကြီးယုဒဿန်သည် သန့်ရှင်းစေခြင်းနှင့် ပတ်သက်ပြီး သူခံရသောဝေဒနာကြောင့် သော်လည်းကောင်း၊ သူ့ခေတ်သူ့ကာလ၌ ထင်ပေါ်လာသော သွန်သင်မှုကြောင့်သော်လည်းကောင်း ဤကိစ္စနှင့်စပ်လျဉ်းပြီး စစ်မှန်သော သွန်သင်မှု မခံယူမိကြောင်းထင်ရှားပါသည်။ ထို့ကြောင့်ဤသန့်ရှင်းစေခြင်း (Sanctification) sanctification ) ကို သွန်သင်ခြင်း (doctrinal) ရှုထောင့်နှင့် အတွေ့အကြုံရှုထောင် ( experimental) မှ လေ့လာဖို့ လိုအပ်ပါလိမ့်မည်။ အမှန်စင်စစ် ခရစ်တော်၌ ရှိလျက် သူ၌ တည်သောသူတိုင်း ပြည့်စုံသောသူများ ဖြစ်ပါသည်။ အကြောင်းမှာ ခရစ်တော်မှ တစ်ပါး မည်သူ တစ်ဦးဦးကမျှ ပြည့်စုံခြင်းကို မပေးနိုင်ပါ။ ဤကား ခရစ်ယာန်ဘာသာဝင်မျး၏ ယုံကြည်ချက်နှင့် သွန်သင်ခြင်း (doctrine )ပင် ဖြစ်ပါသည်။ ခရစ်တော်ပေးသော ဖြောင့်မတ်မှန်ကန်မှုကလည်း စစ်မှန်သော ဖြောင့်မတ်မှန်ကန်ခြင်းပင် ဖြစ်ပါသည်။ သို့ရာတွင် အတွေ့အကြုံအရမည်သည့်ယုံကြည်သူမှ အပြစ်ကင်းသောလုံးဝဥဿုံ ပြည့်စုံခြင်းသည် ယုံကြည်သူများ၏ မျှော်မှန်းရာ ဦးတည်ချက်ပင်ဖြစ်ပါသေးသည်။ ထိုပြည့်စုံခြင်းကို မျှော်မှန်းလျက် ကြိုးစားအားထုတ်ရာတွင် ဆရာကြီးယုဒဿန်သည် စံနမူယူထိုက်သောပုဂ္ဂိုလ် ပင်ဖြစ်ပါသည်။ အင်္ဂလန်နိုင်ငံတွင် တစ်ချိန်က ပေါ်ထွက်ခဲ့ဖူးသော puritans ခေါ် ဘာသာရေး လှုပ်ရှားမှုကဲ့သို့ သူသည် ဘုရားသခင်နှင့် ပိုမိုနီးကပ်စွားအသက်ရှင်လှုပ်ရှားနိုင်ဖို့ရန် ပဋိညာဉ် (covenantal pledges) များပြုလုပ်ခဲ့ဖူးပါသည်။ ၁၈၁၉ မှ ၁၈၂၆ ခုနှစ်များအကြားထိုကဲ့သို့ သောပဋိညာဉ်ဝန်ခံလျက် (၈) ခုသူ ပြုလုပ်ခဲ့ဖူးပါသည်။ ၎င်းတို့မှာ

နံနက်တစ်ကြိမ်၊ ညတစ်ကြိမ် ဆုတောင်းခြင်းကို မှန်ကန်စွာ ပြုရန်။
ပျင်းရိခြင်းဖြင့် အချိန်ကို အလဟသ မဖြုန်းရန်။
ဇာတိပကတိ၏ အလိုကို မလိုက်၊ လောကပျော်မွေ့ခြင်းကို မလိုက်စားဘဲ ချုပ်တီးမှုကို ကျင့်သုံးရန်။
စိတ်ဆိုးခြင်း၊ ဒေါသထွက်ခြင်းနှင့် သူတစ်ပါးအားမကောင်းကြံခြင်းများကို ရှောင်ကြဉ်ရန်။
တစ်ကိုယ်ကောင်းဆန်သော ရည်မှန်းချက်များဂုဏ်ပကာသနကို အခြေခံသော ကြိုးပမ်းမှု မှန် သမျှရှောင်ကြဉ်ရန်။
ဘုရားသခင် မနှစ်မြို့သော အရာမှန်သမျှ ရှောင်ကြဉ်ရန်။
သူတစ်ပါးအား အကျိုးဖြစ်ထွန်းစေမည့်အရာများ အတွက်ဆက်ကပ်မှုများ ပြုလုပ်ရန်နှင့် ၎င်းဆက်ကပ်မှုများသည် အခြားသော ဝတ္ထုရားများနှင့် ဆန့်ကျင်ဘက်မဖြစ်စေရန်။
ခရစ်တော်နှင့် ဧဝံဂေလိတရားတော်အတွက် ခံခဲ့ရသော ဆုံးရှုံးခြင်းနှင့် ဝေဒနာမှန်သမျှတွင် မငြီးငြူဘဲ ပျော်ရွှင်ငြိမ်သက်မှုကို ရယူဖို့ ကြိုးစားအားထုတ်ရန် ဟူသော အချက်များ ဖြစ်ပါသည်။
ဝိညာဉ်ခွန်အား တိုးပွားရန်အတွက် နေ့စဉ် လိုက်လျှောက် ရမည့်ပိုမိုလက်တွေ့ ကျသော အောက်ပါစည်းကမ်းများကိုလည်း သူချမှတ်ခဲ့ပြီး သူကိုယ်တိုင် ကျင့်သုံးခဲ့ပါသည်။

နံနက်စောစောထရန်။
တနင်္ဂနွေနေ့မှလွဲ၍ နေ့တိုင်း မြန်မာစာနှင့် ရေးသားသော စာအုပ်ကို ဖတ်ရှုရန်။
ကျမ်းစာနှင့် ဝိညာဉ်ရေးဆိုင်ရာစာအုပ်များ devotional ကို ဖတ်ရှုရန်။
ဝိညာဉ်ခွန်အားမတိုးတက်စေသော အင်္ဂလိပ်ဘာသာနှင့် ရေးသည့်စာများမဖတ်ရှုရန်။
မသန့်ရှင်း သော အတွေးအခေါ်နှင့် အကြားအမြင် မှန်သမျှ ကို ဖယ်ထုတ်ရန်။
ယုဒဿန်၏ အသက်တာကို ကြည့်သောအခါဖိစီးမှု မျိုးစုံနှင့်ရင်ဆိုင်ရကြောင်းထင်ရှား ပါသည် ။ ဘယ်စာအုပ်က သူ့အားခွန်းအားပေးလျက် သူသည် ထိုဖိစီးမှုများ ကို ရင်ဆိုင်နိုင်ပါ သနည်း။ လူသားတစ်ဦးအနေဖြင့် သူခံရသော ကာယဝေဒနာ၊ စိတ်ဝေဒနာတို့သည် နာလံမထူနိုင် လောက်အောင် ကြီးမားသော ဖိစီးမှုများ ဖြစ်ပါသည်။ ဆရာကြီးယုဒဿန်အနေ နှင့် ရူးမတတ်ဖြစ်သော အချိန်များ လည်းရှိပါသည်။ သို့ရာတွင် ဘုရားသခင်လက်တော်သည် သူ့အားဆုပ်ထားခဲ့သည်။ ထိုမေတ္တာတော်သည် သူ၏ ခွန်အား၊ သူခံရသော ဆင်းရဲခြင်းအား လုံးတို့ကို ရင်ဆိုင်ရန်ဘုရားသခင်၏ တွန်းအားများပေးပါသည်။

ထင်ရှားသော အချက်တစ်ခု မှာ ဆရာကြီး ယုဒဿန်သည် သူတေ့ွ ကြုံခံစားရသော ဆင်းရဲခြင်းဝေဒနာမျိုးစုံတို့ကို ခံနိုင်ရန် အတွက် ကျမ်းစာတော်မြတ်ကို ဖတ်ရှုလေ့လာ သည့် အပြင် ရောမကာသိုလိပ်ယုံကြည်သူတစ် ဦးဖြစ်သူ Madame Guyon ရေးထားသော ဘုရားသခင်၌ မွေ့လျော်ခြင်း (Mystic)ဆိုင်ရာ စာအုပ်ကို ဖတ်ရှုလေ့လာခဲ့သည်။ Madame Guyon က လူတစ်ဦးတစ်ယောက်သည် ဝိညာဉ်တော်အားဖြင့် ဘုရားသခင်နှင့် နီးကပ်စွား ပေါင်းစည်းမိတ်သဟာယဖွဲ့နိုင်ကြောင်း သူ၏ စာအုပ်တွင် ဖော်ထုတ်ခဲ့ပါသည်။ ကျွန်ပ်တို့၏ လိုအင်ဆန္ဒ (will) အားလုံးတို့အား ဘုရားသခင်၏ အလိုတော်၌အရည်ပျော်စေပြီး တစ်လုံးတစ်ဝတည်း ဖြစ်စေရပါမည်။ ထိုကဲ့သို့ဘုရားသခင်၏အကြံတော်နှင့် အလိုတော်၌ အရည်ပျော်ခြင်းအားဖြင့် ဤလောကဘဝတွင် ပြည့်စုံသော သန့်ရှင်းခြင်း ( perfect sanctification ) ခံစားရရှိနိုင်ပါသည်။

ယုံကြည်သူတိုင်းသည် ထိုကဲ့သို့သော ဘုရားသခင်နှင့် တစ်လုံးတစ်ဝတည်းဖြစ်ခြင်း၊ ဘုရားသခင်၌ လုံးလုံးလျားလျား မှီခိုခြင်းများပြုလုပ်ကာ ငြိမ်သက်ခြင်းရရှိဖို့ရည်မှန်းချက်ထား ရပါမည်။ ခရစ်ယာန်ယုံကြည်ချက်တွင် ဤဘုရားသခင်နှင့် တစ်လုံးတစ်ဝတည်းဖြစ်ခြင်း (mystical union with God) သည် အားနည်းလျက် ရှိသည်ဟု Madame Guyon က ဖော်ပြခဲ့ပါသည်။ ဆရာကြီးယုဒဿန်အနေနှင့် လည်းသူခံခဲ့ရသော ဆင်းရဲခြင်းဝေဒနာမျိုးစုံကို ခံနိုင်ရန် ထိုကဲ့သို့သော ဘုရားသခင်နှင့် တစ်လုံးတစ်ဝတည်း ဖြစ်ခြင်း၊ သူ၏ ဝိညာဉ်ခွန်အားရ ရှိခြင်း၏ မြစ်ဖျားခံရာဌာန (the source of his personal piety) အဖြစ်ခံယူကျင့်သုံးခဲ့ပါ သည်။ သို့ရာတွင် ဘုရားသခင်နှင့် တစ်လုံးတစ်ဝတည်းဖြစ်ခြင်း (mystical experience ) သည် အခြားသော ခရစ်ယာန်ယုံကြည်ခြင်းကို အဆမတန် လွှမ်းမိုးမှု မဖြစ်စေပါ။ မျှတစွာ ဖြင့် သူသည် ချင့်ချိန်လျက် ယုံကြည်လက်ခ့ ကျင့်သုံးခဲ့ပါသည်။ ခရစ်ယာန်ဂိုဏ်းဂဏတစ်ခု၏ ယုံကြည်ကျင့် သုံးမှုကို သဘောကျပါက အပြုသဘောဆောင်သော လက်ခံကျင့်သုံးမှုကို ပြုလုပ်သော်လည်း ထိုကဲ့သို့ ကျင့်သုံးခြင်း သည် သူ၏ နှစ်ခြင်းယုံကြည်ခြင်းကို မထိခိုက်စေပါ။

၆။အနာဂါတ်၏ခေတ်ကာလ ကုန်ဆုံးခြင်း
(Eschatology )
ခေတ်ကာလ၏ ကုန်ဆုံးခြင်းနှင့် စပ်လျဉ်းပြီး ဆရာကြီး ယုဒဿန်၏ ယုံကြည်ချက်နှင့် သွန်သင်ချက်မှာ ဗျာဒိတ်ကျမ်းတွင် ဖော်ပြသော အနှစ်တစ်ထောင် စိုးစံခြင်းသည် တစ်ကမ္ဘာလုံးတွင် ဧဝံဂေလိတရား ဟောပြောပြီးမှသာ နောက်ဆုံးကာလဖြစ်သော ကမ္ဘာကုန်ဆုံးခြင်းရောက်မည်ဟူ၍ ယုံကြည်ခြင်း (post- millennial) ပင် ဖြစ်ပါသည်။ Israel နိုင်ငံရှိ ယုဒလူမျိုးများက ခရစ်တော်ကို လက်ခံယုံကြည်လာမည်ဟု သူယုံကြည်ပါသဖြင့် အမေရိကန် နှစ်ခြင်း သာသနာပြုအဖွဲ့ (American Baptist Foreign Board of Mission ) မှ ယုဒလူမျုးိများအားသာသနာပြုရေးအတွက် ဒေါ်လာတစ်သောင်းကို ရှာဖွေရာ၌ သူကိုယ်တိုင် ပါဝင်ခဲ့ပါသည်။ သို့ရာတွင် ဤအကြံသည် မအောင်မြင်ခဲ့ပါ။ ဆရာကြီးယုဒဿန် ဝမ်းသာအားရပြီး နှစ်သိမ့်သော အရာတစ်ခုမှာ သူ၏ ဗမာပြည်နှစ်ခြင်းသာသနာ ပြုလုပ်ငန်းအကြောင်း ရေးသားသောဝစာ (tract) တစ်ခုကို ယုဒလူမျိုးတစ်ဦး က ယုဒဘာသညဖြင့် ဘာသာပြန်ဆိုရာထိုဝေစာဖတ်သော ယုဒလူမျိုးတစ်ချို့သည် ခရစ်တော်ကို လက်ခံကြောင်းပင် ဖြစ်သည်။

ရှေးဟောင်းမြို့တော်ဖြစ်သော ပြည်မြို့တွင် သူဧဝံဂေလိတရားဟောသောအခါ ဤမြို့တော်တွင် ဘုရားသခင်၏ ဧဝံဂေလိတရားရှေးဦးပထမ ပြောကြားရသော အခွင့်ထူးရရှိ သောကြောင့် သူအင်မတန် ဝမ်းသာအားရပြီးပီတိဖြစ်မိပါသည်။ ထောင်သောင်းမကသောသူ တို့၏ ဘိုးဘေးများက ဧဝံဂေလိတရားတော်ကို မကြားခဲ့ပါ။ ကြားဖို့ရန်လည်း အခွင့်ထူးမရှိခဲ့ပါ။ ထို့ကြောင့် ဤကဲ့သို့ဧဝံဂေလိတရားဟောကြားခြင်းအားဖြင့် နောက်ဆုံးသော ကာလ (eschaton )တွင်သူသည် ဝမ်းမြောက်ရွှင်မြူးလျက်ရှိမည်ကို သူတထစ်ချ ယုံကြည်မျှော်လင့်ပါသည် ။ သူ၏ ဧဝံဂေလိတရားဟောရခြင်းသည် ပြည်မြို့အပါအဝင် မြန်မာပြည်တစ်ခုလုံးသည် ခရစ်တော်၏ မေတ္တာတရား၊ အမှန်တရားကို လက်ခံဖို့ရန် အစပြုခြင်းသာဖြစ်ကြောင်း သူဝမ်းသာအားရ လက်ခံခဲ့ပါသည်။ နောက်ဆုံး သော ကာလ တွင် အပြစ်တရား၊အမှောင်တရားအားလုံးတို့သည် ပျောက်ကွယ်လျက် အလင်းတရာတည်းဟူသော ခရစ်တော်၏မေတ္တာတရားသည် မြန်မာပြည်နှင့် တစ်ကမ္ဘာလုံး ကို လွှမ်းခြုံမည်ဖြစ်ကြောင်း သူယုံကြည်မျှော်လင့်ပါသည်။ မျှော်လင့်သည့်အတိုင်းလည်း တက်ကြွစွားလှုပ်ရှားလျက်အမြဲ ဆုတောင်းပါသည်။

မြန်မာပြည်သည် ခရစ်တော်၏မေတ္တာတရားတော်ကို လက်ခံမည်ဟုသူယုံကြည်မျှော် လင့်ပါသည်။ သန့်ရှင်းသောဝိညာဉ်တော်၏ ထောက်မမှုကြောင့် မြန်မာပြည်သူပြည်သားအား လုံးတို့သည် အပြစ်မှ လွတ်မြောက်လျက် ခရစ်တော်၏ တစ်ကိုယ်ကောင်းစိတ် ကင်းသော မေတ္တာတရားကို လက်ခံမည်ဟုသူယုံကြည် မျှော်လင့် ပါသည်။ ၁၈၄၆ ခုနှစ် ၊ အမေရိကန်ပြည်ထောင်စုကို အလည်အပတ်သွားပြီး Boston မြို့တော်ကို ရောက်သောအခါ James Loring ဆိုသူ ပုဂ္ဂိုလ်တစ်ဦးက သူ့ကို “မြန်မာပြည်ရှိ မယုံကြည်သူများ ပြောင်းလဲမည် ဟူသော မျှော်လင့် ချက်သည် အမှန်တကယ်တောက်ပသော မျှော်လင့်ခြင်းဟုတ်ပါသလား ( Do you think the prospects are bright for the conversion of the heathen ?)ဟုမေးခဲ့ဖူးပါသည်။ ဤအချိန်မှာ ဆရာကြီး ယုဒဿန်က ခေတ္တမျှ ပင် မစဉ်းစာဘဲ ချက်ချင်းအဖြေပေးလိုက်ပါသည်။ သူပေးလိုက်သောအဖြေမှာ ဟုတ်ကဲ့၊။ မြန်မာပြည်၏ အနာဂါတ်သည် ဘုရားသခင်၏ ကတိတော်အတိုင်းတောက်ပလျက်ရှိပါသည်။ (The future of Burma (Myanmar) is as bright as the promise of God) ဟူသော အဖြေပင်ဖြစ်သည်။ ဤဘုရားသခင်၏ ကတိတော်ပြည့်စုံဖို့ရန်လည်း သူသည် သူ၏အသက်တာကို မြက် တစ်ပင်လောက်မျှ မနှမြောဘဲ ပေးဆပ်ခဲ့ပါသည်။ ၁၈၄၆ ခုနှစ် တွင် အမေရိကန်ပြည်ထောင်စု၌ သူတရားဟောသောအခါ ဘုရားသခင်၏ နောက်ဆုံးဖော်လိုသော ပုံကို ပေါ်စေဖို့ရန် ကမ္ဘာလောက ကြီးနှင့် လူ့သမိုင်းသည် ဘုန်းအသရေကို လူတိုင်းက နှုတ်ဖြင့် ပြောကြားပါသည် ။ ထိုမြို့တော်၏ နောက်ဆုံးတန်ခိုးကြီးခြင်း၊ ဘုန်းအသရေ နှင်ြ့ပည့်စုံခြင်းတို့နှင့်နောက်ဆုံးသောနေ့တွင် ပေါ်လာမည်ဖြစ်သည်။ ထိုနောက်ဆုံးကာလတွင် ဤဇိအုန်မြို့၏ ဘုန်းပွင့်လာလိမ့်မည် (ဆာ ၈၇) ဟုသူနက်နက်နဲနဲခံ ယူသည်။ ယခု မျက်မှောက်ကာလတွင် ဘုရားသခင်ဖန်ဆင်းထားသော စကြာဝဠာတစ်ခုလုံး နှင့်တကွ လူ့သမိုင်းတစ်ခုလုံးသည် ဆိုးသွမ်းခြင်းနှင့် ပြည့်စုံပါသော်လည်း နောက်ဆုံးသော ကာလ (eschaton) တွင်ဘုရားသခင်၏ ပြည့်စုံသောအောင်မြင်ခြင်း (final victory) သို့အသွင်ပြောင်းလျက် ဝင်စားမည်ဖြစ်ကြောင်း ဆရာကြီးယုဒဿန်မှ လုံးဝသံသယမရှိပါ။ ယခုအချိန်ကာလတွင် ခံစားနေရသော ဝေဒနာအားလုံးတို့သည် ထိုနောက်ဆုံးအချိန်ကာာသို့ ရောက်ရှိရန် တွန်းပို့သော အရာများသာဖြစ်ပါသည်။ ထိုနောက်ဆုံး အောင်မြင်ခြင်းကာလသို့ လူ့သမိုင်းသည် တစ်စတစ်စနှင့် ရွေ့သွားသည်ဖြစ်ရာလူတိုင်းထို အောင်မြင်ခြင်း (final victory) တွင် ပါဝင်နိုင်ဖို့ရန် ဧဝံဂေလိတရားဟောပြောလျက် ဘုရားသခင်၏ အလိုတော်အ တိုင်းပြောင်းလဲဖို့ရန် သူခံယူထားပါသည်။ ထိုကဲ့သို့ နောက်ဆုံး အောင်မြင်ခြင်းသို့ရောက်ဖို့ ရန်နှင့်ဘုရားသခင်အလိုတော်အတိုင်း ပုံဖော်ခြင်းလုပ်ငန်းအစီအစဉ်၌ အသုံးတော်ခံပြီး ပါဝင်နိုင်ခြင်းသည် ကြီးမားသော အခွင့်အရေး၊ တစ်ခုပင်ဖြစ်ကြောင်း သူဝမ်းသာအားရစွာ ဝန်ခံခဲ့ဖူးပါသည်။ တစ်နည်းဆိုသော် ဘုရားသခင်၏နောက်ဆုံးအောင်မြင်ခြင်းသည် ခရစ်တော်ဤလောကသို့ ကြွခြင်းအချိန်မှ အစပြုပါသည်ဖြစ်ရာ ထိုနောက်ဆုံးအောင်ခြင်း အတွက် ပုံဖော်ခြင်းအစီအစဉ်တွင် လုပ်သားအဖြစ် ပါဝင်အသုံးတော်ခံခွင့်ရခြင်းသည် ထူးကဲသောအခွင့်အရေးဖြစ်သည်ဟုသူယုံကြည်ခံယူပါသည်။ ဤကဲ့သို့ခံယူသောကြောင့် လည်းသူ၏ခံစားခဲ့ရသော ဝေဒနာအားလုံးကို သူက အဆိုးမမြင်ဘဲ ဂုဏ်ယူကာခံနိုင်ခြင်းပင် ဖြစ်ပါသည်။ သူခံရသော ဝေဒနာအားလုံးတွင် ဘုရားသခင်၏နောက်ဆုံး အောင်မြင်ခြင်းအ တွက်လုပ်ဆောင်ခြင်း၊ ပုံဖော်ခြင်း၊ ဘုရားသခင်၏နိုင်ငံတော်၏နိုင်ငံတော် တည်ထောင်ခြင်းဖြစ် သည်ဟု ခံယူပါသဖြင့် မောပန်းသော်ငြားလည်း လက်မလျှော့လဲ ရပ်တည်နိုင်ခြင်းဖြစ်သည်။ ဝမ်းနည်းကြေကွဲသော အချိန်၌ပင်လျှင် ဂုဏ်ယူလျက် အားယူခြင်းပင်ဖြစ်ပါသည်။

၇။ သာသနာပြုခြင်းဆိုင်ရာအမြင်
(Concept on Missionary Societies)
တစ်ကမ္ဘာလုံးသာသနာပြုနိုင်ရေးအတွက် သာသနာပြုအဖွဲ့အစည်းများ၏ အခန်းကဏ္ဍသည် အလွန်ပင်အရေးကြီးကြောင်း ဆရာကြီး ယုဒဿန်က နက်နက်နဲနဲ ခံယူပါသည်။ ထိုကဲ့သို့ သာသနာပြုနိုင်ရန်လည်း အသင်းတော်များ တစ်လုံးတစ်ဝတည်း ဖြစ်ခြင်း (Church Unity ) သည် အဓိကကျကြောင်း သူယုံကြည်သည်။ အသင်းတော်များ သည် တစ်လုံးတစ်ဝတည်းဖြစ်လျက် ဆက်စပ်မှု၊ စုစည်းမှုရှိနိုင်မှ သာသနာပြုနိုင်မည်ဖြစ်သည်။ သာသနာပြုနိုင်ရန်အတွက အသင်းတော်များသည် စုပေါင်းမှုစိတ်ဓါတ်ရှိဖို့လိုအပ်သည်ဟု ဆရာကြီးကိုယ်တိုင် ယုံကြည်ပါသည်။ ခရစ်ယာန်သာသနာလုပ်ကွင်းများတွင် လွတ်လပ်စွာဖြင့် အမှုတော်ဆောင်လျက် အထိရောက်နိုင်ဆုံးသော နည်းဗျူဟာများကို လွတ်လပ်စွာ ဖြင့် အသုံးချပါသော်လည်းခရစ်ယာန်သာသနာပြုခြင်းဆိုင် ရာဖွဲ့စည်းပုံကို သူဘယ်တောံမှ လစ်လျူမရှုပါ။ အဖွဲ့အစည်းမှ ချမှတ်သောမူဝါဒများကို ရိုသေလေးစားလျက် လိုက်နာကျင့်သုံး ခဲ့ပါသည်။ ခရစ်ယာန်သာသနာပြုလုပ်ငန်းမှန်သမျှကို စေလွှတ်သော အသင်းတော်များက ဦးဆောင်ဦးစီရမည့်ဟု သူခံယူသည်။ (တမန်တော် ၁၃) တွင်ပေါလုနှင့် ဗာနဗတို့ သည် သာသနာပြုလျက် သူတို့၏ လုပ်ငန်းဆောင်ရွက်မှုများအားလုံးစေလွှတ်သောမိခင် အသင်းတော်သို့ပြန်လည်တင်ပြ အစီရင်ခံခြင်းသည် သာသနာပြုရေးတွင် အလွန်မှန်ကန် သောမူဝါဒ(mission policy) ဖြစ်ကြောင်းဆရာကြီး ယုဒဿန်က သဘောကျပါသည်။ သို့ရာတွင် သာသနာပြုရာတွင် မူကိုကြပ်တည်းစွားထားရှိပြီးသာသနာပြုကွင်းတွင် လွတ်လွတ်လပ်လပ် မလုပ်ဆောင်နိုင်ပါက အကျိုးရှိမည်မဟုတ်ပေ။ စေလွှတ်သောမိခင် အသင်းတော်အဖွဲ့စည်းများနှင့် ပီပီပြင်ပြင် ဆက်သွယ်ဖို့လိုအပ်သကဲ့သို့ သာသနာလုပ် ကွင်းတွင်လည်း အခြားအဖွဲ့စည်းများနှင့် အတူတကွ စုပေါင်းဆောင်ရွက်မှုရှိဖို့လိုအပ်သည် ဟုဆရာကြီးယုဒဿန်က ခံယူပါသည်။ ခေတ်ပေါ်သာသနာပြုလုပ်ရှားမှုကြီး စတင်ပေါ်ပေါက် ရာ (၁၈)ရာစုမှစ၍ ဤသာသနာလုပ်ကွင်းများရှိသာသနာပြုများ၏ စုပေါင်းလုပ်ဆောင်မှု (co-operation ) နှင့် ဝန်းဝန်းကူညီမှုတို့သည် တစ်စတစ်စပေါ်လာပြီးကြီးထွားကာ ကမ္ဘာ့သာသနာပြုအဖွဲ့ကြီး (world Missionary Conference-1910 –International Missionary Conference) ပေါ်လာခြင်းနှင့် ထိုမှတစ်ဆင့်ကမ္ဘာ့အသင်းတော်များကောင်စီ (World Council of Churches) ပေါ်လာရခြင်းပင်ဖြစ်ပေသည်။ ဧဝံဂေလိတရားသယ်ဆောင် သူဆရာကြီးနှင့် မမယုဒဿန်တို့၏ တောက်လောင်သော ဧဝံဂေလိနှင့် သာသနာပြုစိတ်ဓါတ် သည်ယနေ့မြန်မာပြည်ရှိ ယုံကြည်သူတိုင်း၏ စိတ်နှလုံးကို ပြန်လည်တို့ထိလျက် ပြန်လည်ရှင် သန်ဖို့လိုအပ်ပါသည်။ သို့မှသာ ထိုမှန်ကန်သော ယုံကြည်ခြင်းအမွေအနှစ်အတွက် အဖိုးအခပေးလျက် ပြန့်နှံ့စေနိုင်မည်ဖြစ်ပါသည်။

မေတ္တာတမန်မဂ္ဂဇင်းမှ ၂၀၀၃ ခုနှစ် ဇူလိုင်လထုတ် Rev: Dr အော်နယ်ညို ရေးသားသော ဆောင်းပါးကို ပြန်လည်  ဖော်ပြပါသည်။

ဝန်ခံချက် Esther Kying’s Note Book မှကူးယူတင်ပြထားပါသည်။

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s