ယုံကြည်သူများရဲ့ထာဝရကလေးဘဝ

ကနေ့ အသင်းတော်  တွေမှာ “ယုံကြည်သူ များရဲ့ ထာဝရ ကလေး ဘဝ” လို့  ခေါ်ဆိုနေရတဲ့ အဖြစ်မျိုး  တွေ ကြုံနေရ ပါတယ်။ကျွန်တော် တို့အသင်းတော်  တွေမှာ အသင်းသားတွေ အများ အပြားရှိနေတာ ကတော့ အမှန်ပါပဲ။ ဒါပေမယ့် သူတို့ဟာ နှစ်ရှည်လများ အသင်းတော်မှာ ဒေသနာတွေကို ကြားနေခဲ့ကြပေမယ့် ဘာမှ တိုးတက်ပြောင်းလဲမလာ ခဲ့ကြဘူး။ သူတို့ကို အမြဲတမ်း စောင့်ကြည့် ထိန်းသိမ်းပေးနေဖို့ သင်းအုပ်ဆရာ တစ်ဦး အမြဲတမ်းလိုအပ် နေတတ်ပါတယ်။ သူတို့ရဲ့ အနှီးလဲပေးဖို့၊ ပေါင်ဒါရိုက်ပေးဖို့နဲ့ သူတို့ သောက်မယ့် နွားနို့ သိပ်များပူနေမလားဆိုတာ စမ်းသပ်ပေးဖို့ ကိစ္စတွေကို လုပ်ဆောင်ပေးဖို့ ဆိုပါတော့။ ဒီလိုနဲ့ အသင်းတော်ဟာ စစ်တပ်နဲ့ မတူတော့ဘဲ ဆေးရုံတစ်ခုနဲ့ ပိုတူနေတယ်။တစ်ခါတစ်ရံမှာ ကျွန်တော်တို့ဟာ ကိန်းဂဏန်းအရ တိုးတက်လာတာ တွေနဲ့ပတ်သက်ပြီး ကိုယ့်ကိုယ်ကို အရူးလုပ်ပြီး လှည့်စားနေမိတတ်ကြပါတယ်။ ဘာကြောင့်လဲဆိုေတော့ ကျွန်တော်တို့ဟာ အသင်းတော်မှာ ကိန်းဂဏန်းအရ တိုးတက်လာတာကို အရည်အချင်းတိုးတက်ကြီးထွားလာခြင်းလို့ ထင်မိတတ်ကြတာ ကြောင့်ဖြစ်တယ်။ တကယ်တော့ အသင်းသားဦးရေ တိုးပွားလာခြင်းဟာ ဝိညာဉ်ရေးရာ တိုးတက်ကြီးလာတာ မဟုတ်ပါဘူး။ နောက်ပြီး သင်္ချိုင်းမြေတွေဟာ ချစ်ခြင်း မေတ္တာမရှိတဲ့ လူတစ်ရာ၊ ဒီနောက် လူနှစ်ရာဆိုသလို အရေအတွက်တွေ ထပ်တိုးနေတာ သက်သက်ပဲဖြစ်ပါတယ်။ ဒါကြောင့် ဒီတိုးပွားခြင်းတွေက ဗိုက်ပူနံကား မဆီ မလျော် တိုးပွားခြင်းတစ်မျိုးသာဖြစ်ပါတယ်။

ဒီလို အခြေအနေတွေကို ကျွန်တော်တို့ မြင်တွေ့နေရတဲ့ အတွက် သုံသပ်မိကြပါတယ်။ ဒါပေမယ့် ဒီပြဿနာကို ဘယ်လိုဖြေရှင်းရမလဲ ဆိုတာ အဖြေရှာမရခဲ့ကြပါဘူး။

ကျွန်တော်က အသင်းသားတွေကို ဒီလို ပြောလေ့ရှိပါတယ်။

“မိတ်ဆွေတို့ဟာ ခရစ်တော်အတွက် အသီးသီး ပေးနေတဲ့သူတွေ ဖြစ်သင့်တယ်။ မိတ်ဆွေတို့ဟာ ဘုရားသခင်ရဲ့ ကောင်းမြတ်ခြင်းတွေကို တွေ့ကြုံခံစားသင့်တယ်။ နောက်ပြီး မိတ်ဆွေတို့ အနေနဲ့ ချစ်ခြင်းမေတ္တာတွေ၊ ငြိမ်သက်ခြင်းတွေ ပိုမို ပွားများ လာသင့်တယ်” လို့။

တကယ်တော့ ကျွန်တော်တို့ အနေနဲ့က ဒီလို အခြေအနေမျိုးကို ကလေး တွေဆီက ရဖို့ မမျှော်လင့် နိုင်ပါဘူး။ အရွယ်ရောက်ပြီးတဲ့သူတွေဆီကပဲ ရဖို့ မျှော်လင့်နိုင်ပါတယ်။ ရှင်ပေါလုဟာ ကောရိန္တု အသင်းတော်မှာ ရှိတဲ့ အသင်းသူ အသင်းသားတွေ ဝိညာဉ်ရေးရာ အသက်တာ ကြီးထွားတိုးတက်မှု ရှိမလာတာကို တွေ့မြင်ရတဲ့ အခါ

“သင်သည် ယခုတိုင်အောင် သူငယ် အရွယ်၌ သာရှိကြသေး၏” လို့ ညည်းတွားခဲ့ပါတယ်။

ပြီးတော့ ရှင်ပေါလုက ဂလာတိ အသင်းသူ အသင်းသားများထံ ပေးပို့ခဲ့တဲ့ စာထဲမှာလည်း သူတို့အတွက် မိမိသည် သားဖွားခြင်း ဝေဒနာကို တစ်ဖန်ပြန်လည် ခံစားဖို့ လိုအပ်နေပြီ လို့ရေးသားခဲ့တယ်။ တစ်ခါ ဟေဗြဲ စာစောင် ထဲမှာ ရှိတဲ့ လူတွေဟာလည်း ဆရာ အဆင့်ရောက်သင့်ပေမယ့် သူတို့ကိုယ်တိုင်က အဓိကကျတဲ့ အခြေခံ အကြောင်းအရာတွေကို လေ့လာခံယူဖို့ လိုနေသေးတယ်။ တကယ်တော့ သူတို့ဟာ ကြေခဲတဲ့ အစားအစာ တွေကို မှီဝဲ စားသောက်ရမယ့် အစား နို့ကိုပဲ သောက်သုံးနိုင်တဲ့ သူငယ်အရွယ်မှာပဲ ရှိနေကြသေးတယ်။

ကျွန်တော့မှာ သမီးငယ်လေး တစ်ယောက်ရှိပါတယ်။ သူ့နာမည်က ဂျော်ဂျီနာ တဲ့။ ကျွန်တော်က သမီးကို အခုလိုပြောလိုက်တယ်။

“သမီး ဂျော်ဂျီနာ အဖေ့အတွက် မြေးကလေး တစ်ယောက် မွေးပေးပါလား”

ပြီးတော့ ဒီအတွက် ကျွန်တော်က ဆုတောင်းတယ်။ သူ့အတွက် အစာရှောင်တယ်။ ဆုတောင်းတယ်။ သမီးကို ရိုက်ပုတ်ပြီး တွန်းအားပေးတယ်။ ဒါပေမယ့် သမီးက ကျွန်တော့် အတွက် မြေးကလေးမွေး မပေးနိုင်ခဲ့ပါဘူး။ ဒါဆိုရင် ကျွန်တော့် သမီးက ဆိုးသွမ်းခေါင်းမာနေလို့လား။ မဟုတ်ပါဘူး။ ကျွန်တော့် စကားကို အာခံနေလို့လား။ မဟုတ်ပါဘူး။ တကယ်တော့် အဖြေက ရှင်းရှင်းလေးပါ။ ကျွန်တော့် သမီးဟာ ကလေးအရွယ်ပဲ ရှိသေးလို့ ဖြစ်ပါတယ်။

ဟုတ်ပါတယ်။ သူဟာ ကလေးအရွယ်ပဲရှိပါသေးတယ်။ ဒါပေမယ့် အရွယ်ရောက် ကြီးပြင်းလာရင်တော့ ကျွန်တော် မလိုချင်ရင်လည်း ကျွန်တော်အတွက် မြေးကလေး မွေးပေးပါလိမ့်မယ်။ အဲဒီ အချိန်ကျရင် ဆုတောင်း နေစရာလည်း မလိုဘူး။ အစာရှောင်စရာလည်း မလိုဘူး။ ဘာကြောင့်လဲဆိုတော့ ဒါဟာ အရွယ်ရောက် ကြီးပြင်းလာရင် ရရှိလာမယ့် သဘာ၀ အသီးအပွင့်တွေပဲ မဟုတ်ပါလား။

ကျွန်တော့် အသက် ရှစ်နှစ်၊ ကိုးနှစ်သားအရွယ်တုန်းက အဖြစ်အပျက်ကလေးကို ပြောပြချင်ပါတယ်။ ကျွန်တော်တို့ရဲ့ အသင်းတော်ကို ဧည့်သည်တရားဟောဆရာ တစ်ဦး ရောက်လာခဲ့ပါတယ်။ ကျက်သရေ ရှိတဲ့ မုတ်ဆိတ်ပိုင်ရှင်ပါ။ အဲဒီခေတ်က မုတ်ဆိတ်ထားတာဟာ အခုခေတ်လို သိပ်ခေတ်မစားသေးတဲ့ အချိန်ပေါ့။ ဒီတော့ ကျွန်တော်တို့ အတွက် အဆန်းလို ဖြစ်နေခဲ့တယ်။ ကျွန်တော်ကတော့ သူ့ မုတ်ဆိတ်ကို အကြီးအကျယ် သဘောကျနေခဲ့တယ်။ ကျွန်တော် စိတ်ထဲမှာ သူ့ကို မင်းညီမင်းသား တစ်ယောက်လိုပဲ မြင်နေခဲ့တယ်။

အဲဒီအချိန်ကစပြီး ကျွန်တော်ဟာ ဒီလို မုတ်ဆိတ်မျိုး ကျွန်တော့်မှာ ပေါက်လာဖို့ ဘုရားသခင်ကို ဆုတောင်း နေခဲ့တယ်။ အမှန်ပြောရရင် အဲဒီတုန်းက ကျွန်တော့်မှာ အစာရှောင်ရတာနဲ့၊ ဆုတောင်းရတာနဲ့ကို အလုပ်ရှုပ်နေပါတော့တယ်။

ဒီအခါ အမေက မေးတော့တယ်။

“ဂျော်နီ၊ ဒီနေ့ မင်း ထမင်းမစားဘူးလား” တဲ့။

“ဟင့်အင်း အမေ။ ကျွန်တော် အစာရှောင်ဆုတောင်းနေတယ်” လို့ ကျွန်တော် ကပြန်ဖြေလိုက်တယ်။

“နေစမ်းပါဦး၊ မင်းက ဘာဖြစ်လို့ အစာရှောင် ဆုတောင်းနေရတာလဲ”

“ကျွန်တော့်မှာ လိုချင်တဲ့ အရာ တစ်ခု ရှိနေလို့ပါ” လို့ပဲ ရှင်းပြလိုက်မိတယ်။

ဒါပေမယ့် ကျွန်တော် ဆုတောင်းတာ၊ အစာရှောင်ခဲ့တာ အချီးအနှီးပါပဲ။ ကျွန်တော် တောင်းခံထားတဲ့ မုတ်ဆိတ်တွေ ပေါက်မလာခဲ့ပါဘူး။ ဒါပေမယ့် ကျွန်တော့် အသက် (၁၆) နှစ် အရွယ် ရောက်လာတဲ့ အခါမှာတော့ ကျွန်တော်အစာလည်း မရှောင်၊ ဆုလည်း မတောင်း၊ ဆက်ကပ်ခြင်းလည်း မလုပ်ရပါပဲ မုတ်ဆိတ်တွေ အလိုအလျောက် ပေါက်လာခဲ့ပါတော့တယ်။ ဒါဟာ အရွယ်ရောက်ရင် သဘာ၀ အတိုင်း ကြီးထွားဖွံ့ဖြိုးလာမယ့် ရလဒ်တွေပါပဲ။

အသင်းတော်တွေလည်း ဒီအတိုင်းပါပဲ။ ဘာမှ ခြားနားမှု မရှိလှပါဘူး။ အသက်ရှိရင် အချိန်တန်တဲ့ အခါ သဘာဝအတိုင် အလိုအလျောက် ကြီးထွားလာပါလိမ့်မယ်။ ဒီလိုနဲ့ ကျွန်တော်တို့မှာ ဝိညာဉ် အသက်ရှိလာ တဲ့ အခါ ချစ်ခြင်း မေတ္တာတွေ ပွားများလာမယ်။ ပြီးတော့ ပျော်ရွှင်ခြင်း၊ ငြိမ်သက်ခြင်း၊ သည်းခံခြင်း၊ နူးညံ့သိမ်မွေ့ခြင်း တွေအပြင် ခရစ်တော်ရဲ့ ကောင်းမြတ်ခြင်းတွေကိုပါ ရရှိလာပါလိမ့်မယ်။ ဝိညာဉ်ရေးရာ အသက်တာမှာလည်း ကျွန်တော်တို့ ဘာမှ ကြိုးစားအားထုတ်စရာ မလိုဘဲ အခုလို သဘာဝအတိုင်း အသီးတွေ အလိုအလျောက် သီးပွင့်လာပါလိမ့်မယ်။

အသင်းတော်တွေမှာ ကြီးထွားမှု မရှိတဲ့ အဓိက အကြောင်းရင်း တစ်ချက်ကတော့ ကျွန်တော်ဟာ အသက်ကို ဗဟိုမပြုဘဲ သြဝါဒခံယူချက်တွေကို ဗဟိုပြုလွန်းနေလို့ပဲဖြစ်ပါတယ်။ ကျွန်တော်တို့ဟာ သြဝါဒ ခံယူချက်တွေအပေါ် တည်မှီ လွန်းနေတယ်။ ဘာသာရေး ဆိုင်ရာ နည်းလမ်းတွေ အပေါ် ဖက်တွယ်လွန်းတယ်။ ကျွန်တော် ပြောပြနေတဲ သြဝါဒခံယူချက်တွေအပေါ် ဗဟိုပြုတယ် ဆိုတာ ဘာကို ဆိုလိုပါသလဲ။

တကယ်လို့ မိတ်ဆွေကိ ကျွန်တော့်ကို မေးလာတယ်ဆိုပါစို့။

“ညီအစ်ကို အောတစ်၊ သမ္မာကျမ်းစာ အရာ ဝမ်းမြောက်ခြင်း ကို ဘယ်လို အဓိပ္ပါယ် ဖွင့် ထားပါသလဲ”

ဟုတ်ကဲ့၊ ကျွန်တော်လည်း ဒီအလုပ်မျိုးကို ဝမ်းပန်းတသာ လုပ်ချင်နေတဲ့ သူပါ၊ ကျွန်တော်လည်း ကျွန်တော့် ရုံးခန်းကို သွားပြီး ဝမ်းမြောက်ခြင်း ဆိုတဲ့ စကားလုံးနဲ့ ပတ်သက် သမျှကို မွှေနှောက်ရှာဖွေပါတော့တယ်။ နောက်ပြီး ရေးမှတ်တယ်။ အို၊ သိပ်ကို များပြားလှပါကလား။ ကျွန်တော်လည်း အသုံးတည့်မယ့် အချက်အလက်တွေ ရေးမှတ်ပြီး မလိုအပ်တာတွေကို ချန်ထားခဲ့ပါတယ်။

ဒီနောက် ဂရိ အဘိဓါန်ကို လှန်ကြည့်တယ်။ ဝမ်းမြောက်ခြင်း ဆိုတဲ့ စကားလုံးကို ဂရိတွေ ကျတော့ကော။ အိုသူတို့က ပိုတောင် ကောင်းနေသေးတယ်။ ကျွန်တော်က စပါဂျင်က ဘယ်လို ဆိုခဲ့သလဲ ဆိုတာကိုလည်း ကြည့်တယ်။ စပါဂျင် ဆိုတာက ၁၈၀၀ ပြည့်နှစ် ပတ်ဝန်းကျင် တုန်းက ထင်ရှားခဲ့တဲ့ အင်္ဂလိပ် လူမျိုး နှစ်ခြင်းတရားဟော ဆရာကြီးတစ်ဦးပါ။ သူပြောတာကလည်း သိပ်ကို ကောင်းပါတယ်။ ဒီနောက် ဝှိုက်ဖီးလ် တို့ ရှိတ်စပီးယား တို့ရဲ့ စာတွေမှာလည်း ရှာပါတယ်။

ဒီလောက်ဆိုရင် ကျွန်တော့် အတွက် ပြည့်စုံနေပါပြီ။ နောက်တစ်ကြိမ် ဝတ်ပြု အစည်းအဝေးရောက်တဲ့အခါ ကျွန်တော်က –

“ညီအစ်ကိုတို့၊ ဒီကနေ့ကတော့ ဝမ်းမြောက်ခြင်း နဲ့ပတ်သက်ပြီး ကျွန်တော် ဝေငှပါ့မယ်”

လို့ပြောလိုက်ပြီး ကျွန်တော့် ဟောပြောချက်ကို စတင်လိုက်ပါတယ်။

“ဝမ်းမြောက်ခြင်း ဆိုတဲ့ စကားလုံး အဓိပ္ပါယ်မှာ အင်္ဂလိပ်တွေ ကောက်ယူပုံနဲ့ ဂရိတွေ ကောက်ယူပုံ က ကွားခြားနေတာကို တွေ့ရတယ်။ ဂရိတွေ ကဘာသာစကား သိပ် ကြွယ်ဝတဲ့သူတွေလေ။ ဒါပေမယ့် ဟီဗရုူးတွေ ကောက်ယူပုံက ဂရိထက်တောင် ပိုပြီးလေးနက်သေးတယ်။ အာဗြဟံကလည်း ဒီဝမ်းမြောက်ခြင်း အကြောင်းကို ပြောခဲ့ပါတယ်။ ခရစ်တော်လည်း ပြောခဲ့ပါတယ်။ ပေါလုကလည်း ပြောခဲ့ပါတယ်… နောက်ပြီး စပါဂျင်ကလည်း…”

ကျွန်တော့် ဟောပြောချက် ဆုံးသွားတော့ အသင်းသား တစ်ဦးက

“အတော်ကို စုံလင်တာပဲဆရာ။ ကျေးဇူးတင်ပါတယ်” တဲ့။

သူတို့ ထဲက တစ်ဦးက အကြံအဉာဏ်တောင်ပေးလိုက်ပါသေးတယ်။

“ဝမ်းမြောက်ခြင်း နဲ့ ပတ်သက်ပြီး အတော်ကို ထူးခြားပြည့်စုံတဲ့ အချက်အလက်တွေပါပဲ ဆရာ အောတစ်။ ကျွန်တော်တို့ အတွက် မှတ်စုလုပ်ပြီး မပေးနိုင်ဘူးလား ဆရာ”

“ဟုတ်ကဲ့ ကျွန်တော် ဖိုတိုကော်ပီ ပွားပြီး တစ်ဦးစီကို ဝေငှပါ့မယ်”

မှတ်စုတွေ သူတို့ လက်ထဲ ရောက်သွားတဲ့ အခါမှာတော့ သူတို့ရဲ့ ကျမ်းစာ အုပ်နောက်ကျောမှာ ခေါက်သိမ်းပြီ ထုံးစံအတိုင်း မေ့ထားလိုက် ကြပါတော့တယ်။

ဒီတော့ ဝမ်းမြောက်ခြင်းကို သူတို့ တစ်ယောက်မှ မရလိုက်ကြပါဘူး။ သူတို့ဟာ ဝမ်းမြောက်ခြင်းနဲ့ ပတ်သက်တဲ့ သဘောတရား ခံယူချက်ကိုတော့ ရလိုက်ပါရဲ့၊ ဒါပေမယ့် ဝမ်းမြောက်ခြင်းရဲ့ အနှစ်သာရပိုင်းဖြစ်တဲ့ အသက်ကို တော့ မရလိုက်ကြပါဘူး။ ဒီတော့ မိတ်ဆွေတို့ ဘာလိုချင်နေကြတာလဲ။ သဘောတရားကိုလား၊ ဒါမှ မဟုတ် အသက်ရဲ့ အရှင်သခင် ခရစ်တော်ကိုလား။

ကျွန်တော်နဲ့ ပတ်သက်နေတဲ့ အသင်းတော် ဂိုဏ်းဂဏ တစ်ခုက အခြားအသင်းတော် ဂိုဏ်းဂဏ တစ်ခုနဲ့ တွေ့ဆုံဆွေးနွေးဖို့ ဆုံးဖြတ်ချက် ချခဲ့ကြပါတယ်။ သြဝါဒ ခံယူချက်တွေကို ပြောဆိုဆွေးနွေးရင်း မိတ်သဟာယ ဖွဲ့ဖို့ ဆိုပါတော့။ ဒါပေမယ့် အသင်းတော် မကြီးထွားလာခင်ထိတော့ အစစ အဆင်ပြေခဲ့ပေမယ့် အသင်းတော် အတန်ငယ် ကြီးထွားတိုးတက်လာတဲ့ အခါမှာတော့ ဖွဲ့စည်အုပ်ချုပ်ပုံအတွက် စည်းမျဉ်းစည်းကမ်းတွေ ရေးဆွဲဖို့ လိုအပ်လာပါတော့တယ်။

ဒီလိုနဲ့ပဲ အသင်းတော် ကော်မီတီ အစည်းအဝေးမှာ ဆုံကြရပါတယ်။ ဆွေးနွေးဖို့ အကြောင်းအရာ ခေါင်းစဉ် သန့်ရှင်းခြင်း အကြောင်းကို ရောက်လာတဲ့ အခါ သန့်ရှင်ခြင်းနဲ့ ပတ်သက်တဲ့ ကျွန်တော်တို့ အသီးသီး ရဲ့ သြဝါဒ ခံယူချက်တွေကို ဆွေးနွေးကြပါတော့တယ်။ ဒါပေမယ့် အခြားအသင်းတော် ဂိုဏ်းဂဏ တစ်ခုက –

“ဒီ ကိစ္စနဲ့ ပတ်သက်လို့ ပေါ့ပေါ့တန်တန် မလုပ်စေချင်ဘူး။ ကျွန်တော်တို့ရဲ့ ယုံကြည်ခံယူချက်ကတော့ ချက်ခြင်း ဖြစ်ပေါ်တဲ့ သန့်ရှင်းခြင်း မျိုးကို ပဲ ထည့်သွင်း ဆွေးနွေးချင်ပါတယ်”

လို့ တင်ပြလာပါတယ်။

“ဘယ်လိုဟာ မျိုးလဲ ဗျ” လို့ ကျွန်တော်က မေးလိုက်ကြပါတယ်။

“ဒီလိုလေ။ ခင်ဗျားတို့ နေနဲ့ ချက်ချင်း အထွတ် အမြတ်ထားခြင်းခံရတာမျိုးပေါ့”

“ဟင့်အင်း၊ မဖြစ်နိုင်ဘူး ဆရာ။ ကျွန်တော်တို့ကတော့ တဖြည်းဖြည်းချင်း တိုးတက် ဖြစ်ထွန်းလာတဲ့ သန့်ရှင်းခြင်း မျိုးကိုပဲ လက်ခံပါတယ်” လို့ပြော လိုက်ကြပါတယ်။

အမှန်ပြောရရင် သူတို့ ရဲ့တင်ပြချက်ကို ကျွန်တော် ကောင်းကောင်း နားမလည်ခဲ့ပါဘူး။ ဒီအကြောင်းကို ကျွန်တော့် အနေနဲ့ ကြိုတင်လေ့လာထားတာ မျိုးလည်း မရှိခဲ့သေးဘူးလေ။ ….ဒီတော့ ကျွန်တော်က

“ကဲဗျာ ဒီလိုလုပ်ရင် မကောင်းဘူးလား။ သန့်ရှင်ခြင်း ဆိုတဲ့ ခေါင်းစဉ်အောက်မှာ ကျွန်တော်တို့ရဲ့ ယုံကြည်ခံယူချက် ကတော့ ချက်ခြင်းဖြစ်ပေါ်တဲ့ သန့်ရှင်းခြင်း နဲ့ တဖြည်းဖြည်းချင်း တိုးတက်ဖြစ်ထွန်းလာတဲ့ သန့်ရှင်းခြင်းများ ဖြစ်ပါတယ် လို့ နှစ်ခုစလုံးကို ထည့်သွင်း ဆွေးနွေးလိုက်ကြဖို့လေ ”

“အို … မဖြစ်ဘူး၊ မဖြစ်ဘူး၊ ဒါတော့ ဘယ်လိုမှ မဖြစ်နိုင်ဘူး” တဲ့။

သူတို့ဆီက တုံ့ပြန်လာတဲ့ စကားသံတွေပါ။

ဒီလိုနဲ့ပဲ ကျွန်တော်တို့မှာ ကွဲပြားသွားခဲ့ပါတယ်။ ဒီလိုနဲ့ အသင်းတော် ဂိုဏ်းဂဏ အဖွဲ့အစည်း နှစ်ခု စလုံးဟာ သန့်ရှင်းခြင်းနဲ့ ပတ်သက်တဲ့ လက်တွေ့ လုပ်ဆောင်ချက်ကို အကောင် အထည်မဖော်နိုင်ခဲ့ေတော့ပါဘူး။

တကယ့်လက်တွေ့နယ်ပယ်မှာလည်း ယုံကြည်သူများ အချင်းချင်းထဲမှာ ဒီလိုပုံစံမျိုး နှစ်ပိုင်းကွဲပြားနေတာ တွေ့ရပါတယ်။ တစ်မျိုးက ပိုပြီးသန့်ရှင်းတယ်၊ နောက်တစ်မျိုးက သန့်ရှင်းခြင်း မရှိလှဘူးရယ်လို့ ဆိုလိုတာတော့ မဟုတ်ပါဘူး။ ဒီသန့်ရှင်းခြင်း နှစ်မျိုးကြားမှာ ကွာခြားချက် ဘာများ ရှိနေလို့လဲ။ တကယ်တော့ မိမိ လက်ခံယုံကြည်ထားတဲ့ အရာကိုပဲ ဆွဲယူနေကြတာပဲ မဟုတ်လား။ ဒါကြောင့် ကျွန်တော်တို့ဟာ အသက်ကို မရနိုင်ကြဘူး။ ဒါပေမယ့် ကျွန်တော်တို့ဟာ သြဝါဒ ခံယူချက်တွေအတိုင်းတော့ တိကျမှန်ကန်နေဖို့ လိုပါလိမ့်မယ်။

အချို့လူတွေ အနေနဲ့ ကောင်းကင်နိုင်ငံတော်ရဲ့ ဂိတ်တံခါးဝမှာ ရောက်နေတယ်လို့ စိတ်ကူးကြည့်ရအောင်။ ဒီအခါ ရှင်ပေတရုက စာရွက်နဲ့ ခဲတံကို ကမ်းပေးပြီး မေးခွန်းတွေကို အဖြေခိုင်းတယ် ဆိုပါစို့။

မေးခွန်းဆယ်ခု။   ။ တကယ်လို့ မေးခွန်း ဆယ်ခုထဲက ခုနှစ်ခု မှန်အောင်ဖြေနိုင်ရင် သင်ကောင်းကင်နိုင်ငံတော် ကို တိုက်ရိုက် သွားခွင့် ရလိမ့်မယ်။ တကယ်လို့ သင်က မေးခွန်း ခုနှစ်ခုနဲ့ လေးခုအကြားမှန်အောင် ဖြေဆိုနိုင်ရင် ကောင်းကင်နိုင်ငံတော် မရောက်ခင်မှာ အပြစ်အတွက် ဆုံးမခြင်းကို ခံရလိမ့်မယ်။ မေးခွန်းလေးခု အောက် ဖြေနိုင်ရင်တော့ ငရဲကို တိုက်ရိုက်သွားရလိမ့်မယ်။

ပထမမေးခွန်း။    ။ ဘယ်လိုဗတ္တိဇံမျိုးကို သင်ယုံကြည်ပါသလဲ။

နှစ်ခြင်းလား၊ ရေဖြန်းလား၊ လုံးဝမလုပ်တဲ့နည်းလား၊ ဗတ္တိဇံ ပေးတဲ့အခါ သုံးပါ။ တစ်ဆူ နာမနဲ့လား။ ခရစ်တော် တစ်ပါးတည်းရဲ့ နာမနဲ့ပဲလား။ နှစ်ခြင်း သုံးကြိမ်လား။ ဒါမှမဟုတ် အလံတစ်ခု အောက်ကနေ ဖြတ်လျှောက်ရမှာလား။ ဒါမှမဟုတ် လက်ဝါးကပ်တိုင်ကို ဘေးမှာ ထားလိုက်ရုံလား။

ဒါမှ တကယ့်ပြဿနာတစ်ခုပါ။ သင့်အနေနှင့် မိမိဘေးပတ်ဝန်းကျင်မှာ ရှိတဲ့ လူတွေဆီက ပုံတူကူးချလို့ မဖြစ်နိုင်ဘူး။ ဘာကြောင့်လဲ ဆိုတော့ သင့် တစ်ဖက်မှာ ကယ်တင်ခြင်း တပ်ကလူတွေ၊ အခြားတစ်ဖက်မှာ အင်္ဂလီကန်တွေ၊ သင် ကိုယ်တိုင်က နှစ်ခြင်း၊ ဒီတော့ သင်တို့ သုံးဦးက ထွက်လာတဲ့ အဖြေတွေက သုံးမျိုးသုံးစား ဖြစ်နေမှာ သေချာတယ်။

အချို့လူတွေက ဒီလိုကိစ္စမျိုးကို အသင်းတော်မှာ ဆွေးနွေးတင်ပြလာတဲ့ အခါ အသင်းတော် ပြိုကွဲစရာ အကြောင်း ဖြစ်လာပါတော့တယ်။ ဒါမျိုးဟာ နှစ်ခြင်းတွေအနေနဲ့ လုပ်နည်းလုပ်ဟန် မမှန်ဘူးလို့ ဆိုရပါမယ်။ တကယ်တော့ သင့်ရဲ့ နှလုံးသားထဲမှာ ခရစ်တော် ရှိနေရပါမယ်။

ကောင်းကင်နိုင်ငံတော်မှာ ဆိုရင် သြဝါဒ ခံယူချက်နဲ့ ပတ်သက်လို့ မေးမြန်းစူးစမ်းတာတွေ မလုပ်ပါဘူး။ ပေတရု ကလည်း ရေးမှတ်စရာ သင်ပုန်းကြီး တစ်ချပ်နဲ့ စာရွက်တွေ၊ ခဲတံတွေနဲ့ အရန်သင့် စောင့် မနေပါဘူး။ ဒါပေမယ့် သူ့လက်ထဲမှာတော့ နားကြပ် တစ်ခု ရှိနေတယ်။

တကယ်လို့များ သင်က သင်နဲ့ အတူ သြဝါဒ ခံယူချက်နဲ့ သက်ဆိုင်တဲ့ စာအုပ်စာတမ်းတွေကို တစ်ပါတည်း ယူဆောင်သွားပြီး –

“ရှင်ပေတရု ခင်ဗျား – ကျွန်တော်တို့ကို မေးမြန်းစစ်ဆေးမယ့် စားပွဲက ဘယ်မှာလဲ”

လို့ မေးလိုက်တယ် ဆိုပါစို့။

ဒီအခါ ရှင်ပေတရုက သင့် ရင်ဘတ်ကို သူ့နားကြပ်နဲ့ ထောက်ပြီး နားထောင်လိမ့်မယ်။

“တစ်၊ တစ်၊ တစ်၊ တစ်”  ပြီးရင်

“ဝင်တော့” လို့ ပြောလိမ့်မယ်။

“ဒါဖြင့် မေးမြန်းစစ်ဆေးမယ့် ကိစ္စကကော”

“ကိစ္စမရှိဘူး၊ မင်းမှာ အသက်ရှိနေပြီပဲ၊ ဒီတော့ မင်းက ဒီမှာ နေခွင့် ရှိပါတယ်” တဲ့။

ကယ်တင်ခြင်း ဆိုတာက သေခြင်းကနေ အသက်ရှင်ခြင်းကို ကူးပြောင်းရောက်ရှိသွားခြင်းမျိုး ဖြစ်ပါတယ်။

“ကျွန်တော်တို့ သေခြင်းကို ကျော်လွားလွန်မြောက်ပြီးတဲ့နောက်မှာ ကျွန်တော်တို့ ချစ်တဲ့ အသက်ကို ရနိုင်တယ် ဆိုတာပဲ”။

ချစ်ခြင်း မေတ္တာဟာ အသက်ရဲ့ ထင်ရှားတဲ့ သက်သေ လက္ခဏာတစ်ခု ဖြစ်ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ ယုံကြည်သလို မယုံကြည်တဲ့သူတော်ကို ချစ်ခြင်း မေတ္တာ ပွားများရမယ့် အစား အမုန်းစိတ်တွေပဲ ပွားများနေမိ ကြပါတော့တယ်။

ကျွန်တော်က ဘာသာရေးသြဝါဒယုံကြည်ခံယူချက်တွေအပေါ် ဆန့်ကျင်သူ မဟုတ်ပါဘူး။ ကျွန်တော်ရဲ့ ဆိုလိုရင်းက တကယ်လို့ သင့်မှာ အသက်မရှိရင် သင်ရဲ့ ဘာသာရေး သြဝါဒယုံကြည် ခံယူချက်တွေ ဘယ်လောက်ပဲ အကောင်းဆုံးဖြစ်နေပါစေ သင့်အတွက် ဆုံရှုံးမှုနဲ့ပဲ ရင်ဆိုင်ရပါလိမ့်မယ် ဆိုတာပါပဲ။

အကောင်းဆုံး သြဝါဒ ခံယူချက်တွေဆိုတာ သူ့နေရာနဲ့သူ ရှိနေပါတယ်။ ဒါပေမယ့် ပထမဦးစားပေး နေရာမှာတော့ မဟုတ်ပါဘူး။ အဲဒီနေရာက ခရစ်တော် တစ်ပါးတည်း အတွက် သီးသန့်ဖြစ်ပါတယ်။

“သားတော်ကို ရသောသူသည် အသက်ကို ရ၏”

လို့ပဲပြောပါတယ်။

“သြဝါဒခံယူချက် ရှိသောသူသည် အသက်ကို ရ၏” လို့ မပြောပါခဲ့ ပါဘူး။ ဒီလိုဆိုရင် ဘယ်လိုပုဂ္ဂိုလ်မျိုးမှာ မှန်ကန်ပြီး အသက်ရှိတဲ့ သြဝါဒ ခံယူချက်ရှိသလဲ။

ကျွန်တော်တို့က ဘုရားသခင်ကို နှလုံးသားထဲမှာ နေရာပေးရင်၊ ဘုရားသခင်ရဲ့ အလိုတော်အတိုင်း လိုက်လျှောက်လာနိုင်ပြီး ကျွန်တော်တို့ရဲ့ ဝိညာဉ်ရေးရာ အသက်တာဟာလည်း ကြီးထွားလာပါတယ်။ ကျွန်တော်တို့ဟာ ဘုရားသခင်နဲ့ ပိုပြီး တူလာပါတယ်။ ကျွန်တော်တို့ အထဲမှာ ရှိတဲ့ အသက်ဝိညာဉ်က တရိပ်ရိပ် ကြီးထွားလာပြီး ကျွန်တော်တို့ရဲ့ အသက်တာ လမ်းကြောင်းကို လမ်းညွန်ပြသပါတယ်။ ရှင်ပေါလုရဲ့ မိန့်ဆိုချက် အရဆိုရင် ကျွန်တော်တို့ဟာ ဘုရားသခင်ရဲ့ ဝိညာဉ်တော်အားဖြင့် ခရစ်တော်ရဲ့ သဏ္ဍာန်တော် အတိုငး ဘုန်းအသရေတွေ အဆင့်ဆင့် တိုးပွားရရှိလာတယ်။

မိတ်ဆွေ ရရှိထားတဲ့ ဝမ်းမြောက်ခြင်းဟာ ပြဿနာတစ်စုံတစ်ခုနဲ့ ကြုံတွေ့တဲ့ အခါ ဆုံးရှုံးကောင်း ဆုံးရှုံးသွားနိုင်တယ်။ ဒါပေမယ့် မိတ်ဆွေရဲ့ ဝိညာဉ်ရေးရာ အသက်တာ တိုးတက်ကြီးထွားလာတဲ့ အခါမှာတော့ ဒီဝမ်းမြောက်ခြင်း တွေက လျှံထွက်လာတဲ့ အထိဖြစ်လာပါလိမ့်မယ်။ ဒါဆိုရင် ဘယ်အရာကမှ မိတ်ဆွေရဲ့ ဝမ်းမြောက်ခြင်းတွေကို နုတ်ယူပျောက်ပျက်စေနိုင်စွမ်း မရှိတော့ဘူး။ မိတ်ဆွေရဲ့ ဝိညာဉ်ရေးရာ အသက်တာ ကြီးထွားတိုးတက်လာတာနဲ့ အမျှ မိတ်ဆွေမှာ ချစ်ခြင်း၊ ဝမ်းမြောက်ခြင်း၊ ငြိမ်သက်ခြင်း၊ သည်းခံခြင်းတွေလည်း ရရှိလာပါလိမ့်မယ်။

တကယ်လို့ မိတ်ဆွေဟာ ဒီကနေ့မှာ မနေ့ကနဲ့စာရင် ပိုပြီး ချစ်နိုင်တယ် ဆိုပါစို့။ ဒါဟာ မိတ်ဆွေရဲ့ အသက်တာ ကြီးထွားလာမှုရဲ့ အဓိပ္ပါယ်ပဲ။ ဒါပေမယ့် မိတ်ဆွေရဲ့ သြဝါဒ ခံယူချက်တွေက မနေ့ ကထက်စာရင် ဒီကနေ့မှာ ပိုမို ကြီးထွားလာခဲ့တယ်ဆိုပါစို့။ ဒါဆိုရင် မိတ်ဆွေရဲ့ ခေါင်းအသိပညာ ကြီးထွားဖောင်းကားလာခြင်း သက်သက်ပဲ ဖြစ်လိမ့်မယ်။

လွန်ခဲ့တဲ့နှစ်တွေတုန်းက ကျွန်တော့် အပေါ်မှာ တစ်စုံတစ်ယောက်က မကောင်းပြောသံကြားလိုက်တာနဲ့ ကျွန်တော်ကလည်း သူ့အကြောင်း မကောင်းပြောပြီး ချက်ခြင်းတုံ့ပြန်လိုက်တာပဲ။ အဲဒီကတစ်ဆင့် နောက်နှစ်တွေမှာတော့ ကျွန်တော့်အပေါ် မကောင်းပြောသူရှိလာရင် ချက်ခြင်း မတုန့်ပြန်တော့ပဲ ပါးစပ်ပိတ် အံကြိတ်ပြီး နှုတ်ဆိတ်နေလိုက်တယ်။ သူ့ကို တစ်ခွန်းမှ မတုံ့ပြန်တော့ဘူး။ ဒါက ပထမ အတွေ့အကြုံတုန်းကထက် ပိုပြီး ရင့်ကျက်လာတဲ့ သဘောပါပဲ။ နောက်ပိုင်းတွေမှာတော့ ကျွန်တော့်အပေါ် မကောင်းပြောတာတွေ ရှိလာရင် ကျွန်တော်က သူ့အတွက် ဘုရားသခင်ရဲ့ ကျေးဇူးတော်ကိုပဲ ချီးမွမ်းလိုက်တယ်။ ဒါဟာ ကြီးထွားရင့်ကျက်လာခြင်းရဲ့ လက္ခဏာပါပဲ။

ကျွန်တော်တို့ဟာ ခရစ်တော်လို အမြဲတမ်း ဆုတောင်းနေရမယ်၊ အမြဲတမ်း အစာရှောင်ရမယ်၊ အမြဲတမ်း ဆက်ကပ်နေရမယ်လို့ ကျွန်တော်ဆိုလိုတာ မဟုတ်ပါဘူး။ ကြီးထွားခြင်းဆိုတာက အလိုအလျောက်ဖြစ်လာတာ မျိုးပါ။ ကျွန်တော်တို့ရဲ့ အသက်တာမှာ ခရစ်တော်ကို ဗဟိုပြုရင် သူဟာ ကျွန်တော်တို့ရဲ့ အထဲမှာ အသက်ရှင် နေတယ်ဆိုတာကို သိရပါတယ်။ အဲဒီအသက်က ကျွန်တော်တို့ အထဲမှာ ဝိညာဉ် အသီးတွေ သီးပွင့်လာစေတာပဲ ဖြစ်ပါတယ်။

ရှေးဦးဣသရေလ လူမျိုးတို့ဟာ အခြားလူမျိုးတွေနဲ့ မတူပါဘူး။ ဘာကြောင့်လဲဆိုတော့ သူတို့ဟာ ဘုရားသခင်ရဲ့ လူမျိုးတွေ ဖြစ်ကြပါတယ်။ သူတို့ဟာ ပရောဖက်တွေ အားဖြင့် ဘုရားသခင်ရဲ့ ဝိညာဉ်တော် ဦးဆောင်တဲ့ ယဇ်ပုရောဟိတ် တွေရဲ့ နိုင်ငံတစ်နိုင်ငံ ဖြစ်ပါတယ်။ ဒါပေမယ့် သူတို့ဟာ ဘုရင်တွေရှိကြပြီး ကိုယ့် စစ်ပွဲတွေကို ကိုယ်တိုင် တိုက်ခိုက်နေကြတဲ့ အခြားနိုင်ငံသားတွေလို ဖြစ်ချင်နေကြတယ်။ တကယ့်ကို ဝမ်းနည်းစရာ အဖြစ်ပါပဲ။ ဒီလိုနည်းလမ်းတွေနဲ့ပဲ အသင်းတော်တွေဟာ အခြားဘာသာတွေကို ဖြားယောင်းသွေးဆောင်ခြင်း ခံရပြီး ပြိုကွဲ ကျဆုံးခဲ့ရတာဖြစ်ပါတယ်။

ဘာသာရေး ဆိုတာ ဘာလဲ။

ဘာသာရေးတစ်ခုမှာ တည်ထောင်သူ ဆိုတာ ရှိပါတယ်။ တမန်တော် မိုဟာမက်၊ ဗုဒ္ဓ၊ ကွန်ဖျူးရှပ်၊ ဇိုလိုအက်စ်တာ စသဖြင့်ပေါ့။ အဲဒီ တည်ထောင်သူတွေ ပြောခဲ့တဲ့ အကြောင်းအရာတွေကို စာအုပ်တွေထဲမှာ ရေးသားမှတ်တမ်းတင် ထားခဲ့ကြတယ်။ သူတို့ ကွယ်လွန်သွားတဲ့အခါ သူတို့ ဟောပြောခဲ့တဲ့ အကြောင်းအရာတွေကို ကျမ်းစာအုပ်တွေ အဖြစ်နဲ့ ချန်ထားခဲ့ပြီး သူ့နောက်လိုက်တွေက တစ်ဆင့် ပြန်လည် ဟောပြောလာခဲ့ကြတယ်။

မဟာမေဒင်ဘာသာမှာ ကိုရမ်ကျမ်းဆိုတာရှိတယ်။ သူတို့ဟာ သူတို့ရဲ့ ဘာသာရေး သြဝါဒ ခံယူချက်တွေကို ဒီကျမ်းတွေထဲကပဲ ထုတ်နုတ် ယူထားကြတာပဲဖြစ်ပါတယ်။ ကျွန်တော်တို့ ခရစ်ယာန်ဘာသာနဲ့ ယှဉ်လိုက်ရင်တော့ အသက်ရှိတဲ့ အပိုင်းမှာ ကွာခြားနေတာကို တွေ့ရပါလိမ့်မယ်။

ကျွန်တော်တို့ရဲ့ ခရစ်ယာန်ဘာသာမှာလည်း တည်ထောင်သူဆိုတာ ရှိခဲ့ပါတယ်။ သူကတော့ ခရစ်တော်ပါပဲ။ သူ ကွယ်လွန်ခဲ့တာလည်း နှစ်ပေါင်းအတော်ကြာခဲ့ပါပြီ။ သူ သက်ရှိထင်ရှားရှိနေတုန်းက သင်ကြားပို့ချခဲ့တဲ့ တရားဒေသနာတွေကို သမ္မာကျမ်းစာထဲမှာ အပြည့်အစုံ ရေးသားမှတ်တမ်းတင်ထားပါတယ်။ တမန်တော် မိုဟာမက် လိုပဲ ခရစ်တော် ကွယ်လွန်သွားပြီးတဲ့နောက်ပိုင်းမှာ ကျွန်တော်တို့လည်း ဘာသာရေး သြဝါဒခံယူချက်မှန်သမျှကို သမ္မာကျမ်းစာထဲကပဲ ကောက်နုတ်ယူကြပါတယ်။

အဲဒီလိုပါပဲ၊ ကယ်လ်ဗင်းနစ်ဘာသာ၊ အမေနီယာန် ဘာသာတွေ ဆိုတာလည်း ရှိပါတယ်။ ကျွန်တော်တို့မှာ ခရစ်တော်မပေါ်မီ ထောင်စုနှစ်ကာလက ပုဂ္ဂိုလ်တွေ၊ ခရစ်တော်ပေါ်ပြီး ထောင်စုနှစ်ကာလက ပုဂ္ဂိုလ်တွေ၊ ထောင်စုနှစ် တစ်ခုတွင်းက ပုဂ္ဂိုလ်တွေလည်း ရှိခဲ့ပါပြီ။ အဲဒါကြောင်းပဲ ကျွန်တော်တို့ရဲ့ အသင်းတော်တစ်ခုတည်း မှာပဲ ဘာသာရေးသြဝါဒ ခံယူချက်တွေ အမျိုးမျိုး ကွဲပြားခဲ့ရပါတယ်။ ဒါ…ယူပါလား၊ ဒီလို ယူပါလား… ဆိုပြီး ကျွန်တော်တို့ဟာ မိမိတို့ ထုတ်နုတ်ထားတဲ့ ကျမ်းချက်တွေနဲ့ အချင်းချင်း တစ်ဦးကိုတစ်ဦး ထိုးနှက် တိုက်ခိုက်ခဲ့ကြတယ်။

ကျွန်တော်တို့ဟာ အခြားဘာသာဝင်တွေလိုပဲ မိမိတို့ရဲ့ တည်ထောင်သူကို အသက်မရှင်တော့သလို သဘောထားပြီး ထင်သလို ပြုမူ အသက်ရှင်ခဲ့ကြတယ်။ ဒီနည်းအားဖြင့် ကျွန်တော်တို့ဟာ ကျွန်တော်တို့ရဲ့ အသက်ရှင်တဲ့ ခရစ်တော်ကို အသက်မရှင်တော့တဲ့ အခြားဘာသာဝင်တွေရဲ့ တည်ထောင်သူ အဆင့်ကို နိမ့်ချပစ်လိုက်ကြပါတယ်။ ကျွန်တော်တို့က ဆင်ခြေ တက်ကြတယ်။ မဟာမေဒင် ဘာသာဝင်တွေက ခရစ်တော်ကို တမန်တော် မိုဟာမက်နဲ့ တန်းတူဖြစ်အောင် နှိမ့်ချထားတာပါလို့ ကျွန်တော်တို့ကလည်း သူတို့လို လုပ်ခဲ့ကြတာပါပဲ။ ဘာကြောင့်လဲ ဆိုတော့ ခရစ်တော်က ကျွန်တော်တို့ အတွက်ဖြစ်ပြီး၊ တမန်တော်မိုဟာမက်က သူတို့အတွက်ဖြစ်ပါတယ်။

ကနေ့ဆိုရင် ခရစ်တော်ဟာ ကျွန်တော်တို့အတွက် အနှိုင်းမဲ့ ပုဂ္ဂိုလ်ကြီးဖြစ်ပါတယ်။ ဒါပေမယ့် သူဟာ အခု ကျွန်တော်တို့ အတွက် ဘာမှ မစွမ်းဆောင်နိုင်တော့ပါဘူး။ သူမရှိတော့ဘူးလေ။ ကျွန်တော်တို့လက်ထဲမှာ သူရဲ့ သွန်သင်ဆုံးမချက်သြဝါဒတွေပါတဲ့ ကျမ်းစာအုပ်ပဲ ရှိပါတယ်။ ဒါပါပဲ။ ဒါပေမယ့် ကျွန်တော်တို့ဟာ ဒီစာအုပ်အတွက် ဘုရားသခင်ရဲ့ ကျေးဇူးတော်ကို ချီးမွမ်းသင့်ပါတယ်။ ဘာကြောင်လဲဆိုတော့ ခရစ်တော် အသက်ရှင်နေတဲ့ အကြောင်းကို အဲဒီကျမ်းစာအုပ်က ကျွန်တော်တို့ကို ပြောပြနေလို့ပဲ။

ကျွန်တော်တို့ရဲ့ ခရစ်ယာန်ဘာသာနဲ့ အခြားဘာသာတွေရဲ့ ခြားနားချက်က ကျွန်တော်တို့ရဲ့ တည်ထောင်သူဟာ အသက်ရှင်နေပြီး ကျွန်တော်တို့ရဲ့ အသင်းတော်တွေမှာ ဦးခေါင်းအဖြစ် လမ်းပြပို့ဆောင်နေတယ် ဆိုတဲ့ အချက်ပါပဲ။ ဒါပေမယ့်ခက်နေတာက ကျွန်တော်တို့ အသက်တာမှာ ခရစ်တော်ကို အပြည့်အ၀ လုပ်ဆောင်ခွင့် မပေးကြတာပဲ ဖြစ်ပါတယ်။ ကျွန်တော်တို့က ခရစ်တော်ကို အသင်းတော်ရဲ့ ဦးခေါင်းအဖြစ် လက်ခံထားကြပေမယ့် အသင်းတော်မှာရှိတဲ့ ကော်မီတီက ကြားခံနေတဲ့အတွက် ခရစ်တော်က အပြည့်အ၀ အုပ်ချုပ်ကွပ်ကဲခွင့် မရဘဲ ဖြစ်နေတယ်။

အသင်းတော်တွေကိုလည်း ကြည့်ဦး၊ အသင်းတော်မှာ ထူးခြားတဲ့ ဝိညာဉ်တော်လှုပ်ရှားမှုတွေရှိလာရင် ဘာလုပ်ရမှန်းတောင် မသိကြတော့ပဲ ပျာယာခတ်ကုန်ကြတော့တယ်။

“ဒါ.. ဘာဖြစ်လို့လဲဟ” လို့ အဆန်းတကျယ် မေးသူတွေက တစ်မျိုး။

“ဒီလိုဆိုရင် ကျွန်တော်တို့တော့ သတိထားမှ ဖြစ်လိမ့်မယ်” လို့ မှတ်ချက် ချသူတွေက တစ်ဖုံ။

အသင်းတော်တွေမှာ ရုတ်ရုတ်သဲသဲ အထိတ်တလန့် အဖြစ်အပျက်တွေနဲ့ ပြဿနာတွေ ရှိနေတယ်။ အဲဒီနောက် အသင်းတော်ထဲမှာ ကွဲပြားမှုတွေဖြစ်နေတယ်။ ဒါဘာကြောင့် ဖြစ်နေတာလဲ။ အမှန်တော့ လက်ရှိ အသင်းတော်တွေရဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံ စနစ်ဟာ တစ်ခါတစ်ရံမှာ အသက်ရှင်နေတဲ့ ခရစ်တော်နဲ့ အံဝင်ခွင်ကျ မဖြစ်လို့ပါပဲ။ အသုဘ အခမ်းအနားတွေမှာ ကွယ်လွန်တဲ့သူရဲ့ လုပ်ဆောင်ချက်တွေကို ဖတ်ကြားအသိပေးသလို ဒီနေ့ အသင်းတော်တွေမှာလည်း ကွယ်လွန်သူ ခရစ်တော်ရဲ့ လုပ်ဆောင်ချက်တွေကို တမ်းတမ်းတတ ဖတ်ကြားတဲ့ အလုပ်မျိုးနဲ့ပဲ အချိန်ကုန်နေကြတယ်။ အသက်မရှိတဲ့ လုပ်ဆောင်ချက်တွေနဲပဲ အချိန်ကုန်နေကြတယ်။

အသင်းတော် ရောက်သွားရင် မကြာခဏ ဆိုသလို ရှမာရိ အမျိုးသမီး အကြောင်း၊ ဇကဲ္ခအကြောင်း၊ ဂါလိလဲအိုင် ငြိမ်စက်စေတဲ့အကြောင်း၊ ဗတိမဲ မျက်ကန်းအကြောင်း၊ ပေါင်မုန့်နဲ့ ငါးကို တိုးပွါးစေတဲ့အကြောင်းတွေ…ဒီနောက် ရှမာရိ အမျိုးသမီးအကြောင်း၊ ဇကဲ္ခအကြောင်း၊ အနူရောဂါဆယ်ဦးအကြောင်း၊ သဖန်းပင်ကို ကျိန်တဲ့အကြောင်းတွေဆီ ရောက်သွားပြန်တယ်။ ဒီနောက် တစ်ခါ ရှမာရိ အမျိုးသမီး၊ ဇကဲ္ခ၊ အနူရောဂါသည် ဆယ်ဦး၊ နောက် ရှမာရိ အမျိုးသမီး၊ ဇကဲ္ခ….။ သူတို့ ဟောပြောသွန်သင်နေတဲ့ ပုံစံတွေက ခရစ်တော်ဟာ သူကွယ်လွန်သွားပြီးတဲ့နောက်ပိုင်းမှာ ဘာမှ အလုပ်မလုပ်တော့ဘူးလို့ ပြောနေသလို ဖြစ်နေတယ်။ သူတို့အတွက် ခရစ်တော်ဟာ အသက်မရှိတော့သလိုပဲ ဖြစ်နေပါတယ်။

ဘုရားသခင်ဟာ အပ်ကြောင်းထပ်နေတဲ့ ကျွန်တော်တို့ရဲ့ တရားဟောပြောချက်တွေကို ပျင်းရိငြီးငွေ့နေပြီ ဖြစ်ပါတယ်။ တရားဟောပြောချက်တွေက အသုဘမှာ ဟောတဲ့ တရားမျိုးတွေဖြစ်နေလို့ပဲ။ အသုဘ အခမ်းအနား တွေမှာ ကွယ်လွန်သွားတဲ့သူရဲ့ ဂုဏ်ပုဒ်တွေကို သူ မကွယ်လွန်ခင်က လုပ်ဆောင်ခဲ့တဲ့ အရာတွေကို အခြေခံပြီး အမွှမ်းတင် ထုတ်ဖော်ပြောဆိုတတ်ကြတယ် မဟုတ်ပါလား။

ကယ်တင်ခြင်းကို ရတဲ့ တက္ကသိုလ်ကျောင်းသား တစ်ယောက်က အသင်းတော်မှာ ကျွန်တော့်ကို မေးဖူးတယ်။

“ညီအစ်ကို အော်တစ်၊ ကျွန်တော်ဟာ ပထမ ခြောက်လလောက် အသင်းတော်မှာ အဆက်မပြတ် လေ့လာခံယူ ခဲ့ပါတယ်။ ခြောက်လကြာပြီးတဲ့ နောက်မှာ ကျွန်တော် နားလည်လိုက်တဲ့ အချက်တစ်ချက်က ကျွန်တော်ဟာ အခြားလူတွေလို နားလည် တတ်မြောက်နေပြီဆိုတာပဲ။ ကျွန်တော်ဟာ ခရစ်တော်ရဲ့ ဒုတိယအကြိမ် ပြန်လည်မွေးဖွားခြင်း အကြောင်းကိုလည်း နာလည်သဘောပေါက်နေပါပြီ။ ဘေးဒဏ်ကြီးကာလ အကြောင်း၊ အသစ်မွေးဖွါးခြင်းအကြောင်း၊ သုံးပါးတစ်ဆူ အကြောင်းတွေကိုလည်း နားလည်နေပါပြီ။ ဒီနောက်တော့ ကျွန်တော် သိထားသမျှကို ဆက်ပြီး ထိန်းသိမ်းထားရုံပဲ ရှိတော့တာပေါ့” တဲ့။

လူတော်တော်များများဟာ အသင်းတော်ကို မသွားကြတော့ပါဘူး။ အကြောင်းကတော့ သူတို့ ပျင်းရိငြီးငွေ့လာကြလို့ ပဲဖြစ်ပါတယ်။ အသင်းတော် အစည်းအဝေးတွေက ညံ့ဖျင်းနေလို့ မဟုတ်ပါဘူး။ အကြောင်းအရာတွေက အပ်ကြောင်း ထပ်နေလို့ ဖြစ်ပါတယ်။ တစ်ခါလာလည်း ဒီဓမ္မသီချင်း၊ တစ်ခါလာလည်း ဒီအကြောင်းအရာ၊ တစ်ခါလာလည်း ဒီဆုတောင်ချက်တွေ. . .။ တကယ်တော့ မိတ်ဆွေအနေနဲ့ ဒီဆုတောင်းအစည်းအဝေးတွေကို တက်ဖို့ဆိုရင် တကယ့်ကို နာတာရှည်ဝေဒနာကို ခံစားနေရသလို ဖြစ်နေပါလိမ့်မယ်။ ဘုရားသခင်တောင်မှ ဒီဝေဒနာမျိုးကို ခံစားနေရမလား မပြောတတ်တော့ဘူး။

လူတော်တော်များများဟာ အသင်းတော်ရဲ့ လှုပ်ရှားမှု အခမ်းအနား အစီအစဉ်တွေကိုပဲ ဗဟိုပြုနေကြပါတယ်။ ခရစ်တော်ကို ဗဟိုပြုကြတာ မဟုတ်ဘူး။ ကျွန်တော်တို့ဟာ အစည်းအဝေးတွေတက်တယ်။ အဲဒီအစည်းအဝေးက ပြန်လာရင် ကျမ်းစာသင်တန်းဆက်တက်တယ်။ ပြီးရင် ဆုတောင်းစည်းဝေး တက်တယ်။ ဒီတော့ ကျွန်တော်တို့ဟာ အစည်းအဝေးတွေနဲ့ပဲ လုံးချာလိုက်နေတော့တယ်။

အဆုံးစွန်ပြောရရင် ကျွန်တော်တို့ရဲ့ ဝိညာဉ် ခွန်အားတိုးတက်မှု ရှိမရှိ ဆိုတာ အဲဒီ အစည်းအဝေးရှိ ရှိသမျှ လိုက်တက်တဲ့ အပေါ်မှာပဲ အဆုံးအဖြတ်ပေးကြပါတယ်။ အစည်းအဝေးရှိသမျှ လိုက်တတ်တဲ့ ပုဂ္ဂိုလ်ကို ဝိညာဉ် ရေးရာ အသက်တာ အားကောင်းသူလို့တောင် သတ်မှတ်ပါတယ်။ လူတွေက…

“အို…၊ ဒီလူကတော့ တကယ့် ခရစ်ယာန်ကောင်း တစ်ယောက်ပဲ၊ သူက အစည်းအဝေးတိုင်းကို မှန်မှန်တက်တယ်လေ” လို့ ပြောကြတယ်။

တကယ်လို့များ တနင်္ဂနွေပတ် နှစ်ပတ်သုံးပတ်လောက် အစည်းအဝေး မတက်နိုင်တော့ဘူးဆိုရင် တော့ –

“ဒီလူတော့ လဲနေပြီ၊ အသက်တာ ကျဆင်းသွားပြီ”

လို့ ပြောကြတယ်။ ကျွန်တော်ကတော့ အစည်းအဝေး တက်တာကို ဆန့်ကျင်သူ မဟုတ်ပါဘူး။ ကျွန်တော် တစ်ခုတွေးမိတယ်။ တကယ်လို့များ အသင်းတော်တွေကို ပိတ်လိုက်ရင် ကျွန်တော်တို့မှာ ဘာတွေဖြစ်လာမလဲပေါ့။ ကျွန်တော်တို့ရဲ့ ခရစ်ယာန် ဘာသာ ဘာဖြစ်သွားနိုင်သလဲ။ တကယ်တော့ အရေးကြီးတာက ခရစ်တော်ပါ။ အစည်းအဝေးတွေ မဟုတ်ပါဘူး။ ခရစ်တော်ကသာ ကျွန်တော်တို့ ခရစ်ယာန်အသက်တာရဲ့ ဗဟို ဖြစ်နေရမှာ ဖြစ်ပါတယ်။

ကျွန်တော်တို့က အသက်ရှင်တဲ့ ခရစ်တော် အစား သြဝါဒ ခံယူချက်တွေကို ဗဟိုပြုလွန်းနေမှတော့ ဘုရားသခင်ရဲ့ လူတွေအကြားမှာ အသက်တာ မတိုးတက် မကြီးထွားလာတာ ဘာများဆန်းသလဲ၊ မဟုတ်လား။

ဒါပေမယ့် ဘုရားသခင်ကိုတော့ ကျေးဇူးတင်ရပါမယ်။ ဒီနေ့ ကမ္ဘာလောကကြီးထဲမှာ မိမိတို့ရဲ့ လက်ရှိ အသက်တာကို မကျေနပ်တဲ့ ခရစ်ယာန်တွေ ရှိပါတယ်။ သူတို့ဟာ ခရစ်တော်အတိုင်း လိုက်လျှောက်ဖို့ ငြီးငွေ့နေကြပါပြီ။ သူတို့ရဲ့ မအောင်မြင်ခြင်းတွေအတွက်လည်း ခံစားနေကြရပါတယ်။ သူတို့မှာ ချစ်ခြင်း မေတ္တာခေါင်းပါးတာ၊ ပျောင်ရွှင်ချမ်းမြေ့မှု ဆိတ်သုဉ်းနေတာတွေကို ခံစားနေကြရပါတယ်။ ဘုရားသခင်ရဲ့ အလင်းပေးဖွင့်ပြမှုကို လိုလားတောင့်တနေကြပါတယ်။

ကျွန်တော်တို့ အနေနဲ့ အသင်းတော်ကို ဗဟိုပြုပြီး အသက်တာမှာ ခရစ်တော်အုပ်စိုးတဲ့ မျိုးဆက်သစ် ခရစ်ယာန်တွေကို လိုအပ်နေပါတယ်။ ခရစ်တော်က ကျွန်တော်တို့အတွက် စာအုပ်တစ်အုပ် ချန်ထားခဲ့ပြီး

“ငါက တော့ သမ္မာကျမ်းစာအုပ်ကို ထားခဲ့ပြီးပြီ။ ဒီတော့ အဲဒီစာအုပ်ထဲက မင်းတို့ သိချင်တာ၊ ရှာချင်တာတွေကို သမ္မာကျမ်းစာ အနက်ဖွင့် ကျမ်းတွေ၊ သမ္မာကျမ်းစာ အဖွင့် ဋီကာတွေထဲမှာ ရှိနိုင်သလောက် ရှာကြပေတော့။ တာ့တာ..ဘိုင်ဘိုင်” လို့ ပြောသွားတာ မျိုး မလုပ်ခဲ့ပါဘူး။

သူ အမှန်တကယ်ပြောခဲ့တာက

“အကြင်အရပ်၌ လူနှစ်ဦးသုံးဦးတို့သည် ငါ၏နာမ၌ စုဝေးကြ၏။ ထိုအရပ်၌ သူတို့ အလယ်မှာ ငါရှိ၏”

လို့ပဲ ဖြစ်ပါတယ်။ တကယ်တော့ ဘုရားသခင်က ကျွန်တော်တို့ကို မိဘမဲ့ ပုံစံမျိုးနဲ့ ပစ်ပယ်ထားခဲ့တာ မဟုတ်ပါဘူး။ သူကိုယ်တိုင်က ကျွန်တော်တို့ရဲ့ အထဲမှာ ရောက်နေတာ ဖြစ်ပါတယ်။ ဒါကြောင့် သူက ဒီလိုပြောခဲ့တာ ဖြစ်ပါတယ်။

“ငါက မင်းတို့ကို မိဘမဲ့တွေလို အားကိုးရာမဲ့ဖြစ်အောင် ပစ်ထားခဲ့တာ မဟုတ်ပါဘူး။ မင်းတို့ဆီကို ငါ အရောက်လာခဲ့ပါ့မယ်။ မင်းတို့ကို စာအုပ်တစ်အုပ်နဲ့ အထီးကျန် မဖြစ်စေရပါဘူး။ ငါ မင်းတို့ရဲ့ နှလုံးသားထဲမှာ အစဉ်အမြဲ ရှိနေပါတယ်” တဲ့။

တမန်တော် ရှင်ပေါလု ကလည်း ဘုရားသခင်ရဲ့ လူတွေဟာ သူတို့ရဲ့ အတွင်းလူ သန့်ရှင်းသော ဝိညာဉ်တော်အားဖြင့် ခိုင်ခန့်မြဲမြံပြီး ခရစ်တော်ဟာ သူတို့ရဲ့ နှလုံးသာထဲမှာ ယုံကြည်ခြင်းအားဖြင့် ကိန်းအောင်းနေတဲ့ အကြောင်းကို သိရှိ နားလည်လာဖို့ ဆုတောင်းပေးခဲ့ပါတယ်။

ကနေ့ မျက်မှောက်ကာလမှာ ကျွန်တော်တို့ သိရှိနားလည်ထားဖို့က ကျွန်တော်တို့ရဲ့ အထဲမှာ ခရစ်တော်ရှိနေတယ် ဆိုတာပါပဲ။ တစ်နည်းအားဖြင့် ကျွန်တော်တို့ရဲ့ အထဲမှာ ခရစ်တော် အသက်ရှင်နေတဲ့အတွက် ကျွန်တော်တို့ဟာ မိမိတို့ရဲ့ ကိုယ်ပိုင်စွမ်းအားနဲ့ လျှောက်လှမ်းနေစရာ မလိုတော့ဘူး ဆိုတာကို သိထား ဖို့လိုပါတယ်။ ဒါ့ပြင် ကျွန်တော်တို့ သတိပြုရမှာက ကျွန်တော်ရဲ့ လူဟောင်းဟာ ခရစ်တော်နဲ့ အတူ လက်ဝါးကပ်တိုင်မှာ အသေခံခဲ့ပြီ ဖြစ်တဲ့အတွက် အခုသူဟာ ကျွန်တော်တို့ရဲ့ အထဲမှာ အသက်ရှင်နေပြီ ဆိုတာပဲဖြစ်ပါတယ်။

ဘာကြောင့်လဲဆိုတော့ ခရစ်တော်ဟာ ကျွန်တော်တို့ရဲ့ အသက်တာဖြစ်တယ်။ သူရဲ့ အသက်တာ ရှင်သန်မှုတွေက ကျွန်တော်တို့ရဲ့ အထဲမှာ ရှိနေတယ်။ ဒါကြောင့် သမ္မာကျမ်းစာအုပ်ထဲမှာ ရေးသား မှတ်တမ်းတင်ထားတဲ့ ခရစ်တော်ရဲ့ အသက်ရှင်မှုတွေကို ကျွန်တော်တို့က ကျွန်တော်တို့ရဲ့ ကိုယ်ပိုင်စွမ်းအားနဲ့ ဘာမှ ပုံတူကူးပြီး လိုက်လုပ်နေစရာ မလိုတော့ဘူး။ ကျွန်တော်တို့ အားထုတ်လုပ်ဆောင်သမျှတွေဟာ ချစ်ခြင်းတွေ တိုးပွားလာဖို့၊ ပျော်ရွှင်မှုတွေ ပွားများလာဖို့၊ ငြိမ်သက်ခြင်းတွေ ဆပွားရရှိလာဖို့အတွက် အစာရှောင် ဆုတောင်းနေစရာလည်း မလိုဘူး။ ခရစ်တော်က အစစလုပ်ဆောင်ပေးလိမ့်မယ် ဆိုတာပဲ။ ကျွန်တော်တို့ သိထားဖို့က သမ္မာကျမ်းစာကို ရေးသားခဲ့တဲ့ စာရေးသူကိုယ်တိုင်က ကျွန်တော်တို့ရဲ့ အထဲမှာ ရှိနေတယ်ဆိုတဲ့ အချက်ပဲဖြစ်တယ်။ သူက အရာရာကို ကျွန်တော်တို့ရဲ့ ကိုယ်စား လုပ်ဆောင် ပေးပါလိမ့်မယ်။

ဒီအချက်တွေကို သိထားရင် ကြီးထွားခြင်းဆိုတာ အလိုအလျောက် ဖြစ်လာတဲ့ သဘောကို နားလည် သဘောပေါက်လာနိုင်ပါတယ်။ ပြောင်းလဲခြင်းဆိုတာ ခရစ်တော်ကို ပိုမို သိမြင်လာခြင်းအားဖြင့် ဖြစ်တယ်ဆိုတာကိုလည်း သဘောပေါက် နားလယ်လာပါလိမ့်မယ်။ ကျွန်တော်တို့ရဲ့ အထဲမှာရှိနေတဲ့ ခရစ်တော်ရဲ့ ဖွင့်ပြချက်တွေ အားဖြင့်သာလျှင် ကျွန်တော်တို့ရဲ့ ဝိညာဉ်အသီးအပွင့်တွေ ရှင်သန်ကြီးထွားလာနိုင်မှာ ဖြစ်ပါတယ်။

“ခရစ်တော်ကို မျက်မှောက်ပြု စေ့စေ့ကြည့်ကြပါ”

လို့ ကျွန်တော်တို့ သီချင်းဆိုကြပါတယ်။ ဒီသမ္မာကျမ်းစာ အရလည်း ကျွန်တော်တို့ အနေနဲ့ ခရစ်တော်ကို ကျွန်တော်တို့ရဲ့ ကယ်တင်ရှင်၊ ကျွန်တော်တို့ရဲ့ အသက်တာ အဖြစ်သာမက သူ့ရဲ့ အသင်းတော်အဖြစ် လူပုဂ္ဂိုလ်တစ်ဦးချင်း အနေနဲ့ရော အဖွဲ့အစည်းနဲ့ သက်ဆိုင်သူ အဖြစ်ပါ မျက်မှောက်ပြု စေ့စေ့ကြည့်ရပါမယ်။

အမှန်တော့ ခရစ်တော်ဟာ အသင်းတော်ရဲ့ ဗဟိုအချက်အခြာ ဖြစ်ရပါမယ်။ အသင်းတော်ရဲ့ အသက်အဖြစ်ပေါ့။

“အို… ကိုယ်တော်၊ ကျွန်တော်တို့ဟာ ကိုယ်တော်ရဲ့ အသက် ကျွန်တော်တို့ အထဲမှာ ရှိနေတယ် ဆိုတာကို သိမြင်နိုင်ဖို့နဲ့ အဲဒီ အသက်ကို ယုံကြည်ခြင်းနဲ့ အသက်ရှင်နိုင်ဖို့ ကိုယ်တော့်ကို ကျွန်တော်တို့ မျက်မှောက်ပြု စေ့စေ့ ကြည့်ရင် အသက်ရှင် လျှောက်လှမ်းပါတော့မယ်။”

Juan Carlos Ortiz

Advertisements

1 Comment

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s