Hello, my name is Edith Burns, Do you believe in Easter?

PDF

Edith Burns သည် Texas ပြည်နယ် San Antonio မြို့တွင် နေထိုင်သည့် ခရစ်ယာန် ယုံကြည်သူ အမျိုးသမီး ကလေးတစ်ယောက်ဖြစ်သည်။ Dr. Phillips သည်သူမ မနာမကျန်းဖြစ်သောအခါ သွားနေကြ ဆရာဝန်ဖြစ်ပြီး Edith ကို ခင်မင်သူဖြစ်သည်။ သူမသည် သွားလေရာရာ သမ္မာကျမ်းစာ အုပ်ကို ယူသွားလေ့ရှိပြီး စကားပြော ခွင့် ရသောသူတိုင်းကို “Hello, my name is Edith Burns, Do you believe in Easter?” ဟုမေးပြီး အီစတာ နှင့်စတင်ကာ သခင်ယေရှု ၏ ကယ်တင်ခြင်းတရားကို ဟောပြောလေ့ရှိသည်။ သူမအားဖြင့် လူမြောက်များစွာ တို့သည် ကယ်တင်ခြင်း ရရှိသွားကြသည်။

Dr. Phillips သည် သူထံလာသော လူနာ အမြောက်အများထဲတွင် Edith ကို သူ အခင်တွယ်ဆုံး၊ အချစ်ဆုံး လူနာတစ်ယောက်ဖြစ်သည်။ တစ်ခုသော မနက်၊ သူသည် Edith ၏ ဆေးစစ်ရာမှ ရရှိသော အဖြေများကြောင့် ရင်၌ လေးလံသော ခံစားချက်များနှင့် စိတ်မချမ်းမသာဖြစ်နေသည်။ သူ ဆေးခန်းသို့ ရောက်ရှိချိန်တွင် Edith တစ်ယောက် သူမ၏ အနက်ရောက် သမ္မာကျမ်းစာ အုပ်ကို ထုံစံအတိုင်း လက်တွင် ကိုင်ပြီး ဆေးခန်း ကို ရောက်နှင့်နေလေပြီ။ ထုံးစံအတိုင်း အနီးတွင် ထိုင်နေသောသူ တစ်ယောက် အား နှစ်လို့ဘွယ် အပြောအဆိုများအားဖြင့် စကားပြောနေသည်။

Dr. Phillipps သည် Edith နှင့် အခြားလူနာတစ်ဦး စကားပြောနေသည်ကို တစ်ချက် လှည့်ကြည့်ပြီး သူ၏ ရုံးခန်း အတွင်းဆက်ဝင်သွားသည်။ သူ၏ ရုံးခန်းရှေ့တွင် သူနာပြုဆရာမချုပ် ဖြစ်သူ Beverly ကိုတွေ့သဖြင့် လှမ်း၍ နှုတ်ဆက်လိုက်သည်။ Edith တစ်ယောက် မနာမကျန်းဖြစ်ကာ ဆေးခန်းသို့ စတင်ရောက်ရှိသည့် နေ့တွင် Beverly က သူမ၏ သွေးခုန်နှုန်း (BP) တိုင်းပေးခဲ့သည်။ ထိုအခါတွင် Edith က ထုံးစံအတိုင်း “ဟယ်လို၊ ကျွန်မနာမည် Edith Burns ပါ၊ အီစတာ အကြောင်း ယုံပါသလား၊” ဟု မေးမြန်းကာ စိတ်ရှည်လက်ရှည် အီစတာ အကြောင်း ရှင်းပြခဲ့သည်ကို Dr. Philips ၏ နားတွင်မဆီမဆိုင် ကြားယောင်နေမိသည်။

ထိုအချိန်တုန်းက ဆရာမ Beverly က ဟုတ်ကဲ့ ကျမ ယုံပါတယ် ဟု ဖြေခဲ့ပါသည်။ Edith က အီစတာ နဲ့ပတ်သက် ပြီး ဘယ်လို ယုံကြည်တာလဲ ဟု ထပ်မေးသော အခါ၊ ဆရာမ Beverly က သူမ ငယ်ရွယ် စဉ်က ဆိုလျှင် အီစတာကြက်ဥများကို ပြုလုပ်ကြောင်း၊ အ၀တ်အစား သစ်ကလေးများကို အီစတာနေ့တွင် မိဘများက ၀ယ်ပေးခဲ့ကြောင်း သတိတရ ဖြစ်ကျန်ခဲ့သည့် ငယ်စဉ်က အဖြစ်အပျက်များကို ပြောကာ နှစ်ယောက်သား ရီမောခဲ့ကြသည်။ Edith သည် ထိုနေ့တွင် အီစတာ အကြောင်းကို အရင်းတည်ကာ ယေရှုခရစ်တော်၏ ကယ်တင်ခြင်း တရား ကို Beverly အားရှင်းပြခဲ့သည်။

ဆရာဝန်သည် Edith နှင့် တွေ့ပြီး သူမ၏ အခြေအနေကို ရှင်းပြရန် အရေးကို လေးလံစွာ ခံစားသဖြင့် သူနာပြုဆရာမ Beverly အား Edith ကို ခဏနေမှ ပေးဝင် ရန် ခိုင်းလိုက်သည်။ အတန်ကြာသောအခါ Beverly က Edith အား ဆရာဝန်နှင့် တွေ့ရန် အတွက်ခေါ်လိုက်သည်။ သူမသည် ဆရာဝန် ရုံးခန်းထဲ ရောက်သောအခါ မျက်နာ မသာမယာ ဖြစ်နေသော ဆရာဝန်အား “ဆရာ. . . သည်နေ့ မျက်နှာ မသာယာပါလား… နေမကောင်း ဘူးလား… ကျမ်းစာကော ဖတ်ရဲ့လား၊ ဆုကော မတောင်းဘူးလား…” ဟု မေးသည်။

ဆရာဝန်က “ကျွန်တော်က ဆရာဝန်ပါ၊ လူနာက ခင်ဗျား မဟုတ်လား… ကျွန်တော်နေကောင်းပါတယ်” ဟု ငြင်သာစွာဖြေကာ တစ်ချက် အားတင်းပြီး “Edith… ဓါတ်ခွဲဌါနက ခင်ဗျားရဲ့ ဆေးစစ်တဲ့ အဖြေတွေ ပြန်ရောက်လာ ပြီ၊ ခင်ဗျားရဲ့ ရောဂါက ကင်ဆာ လို့ပြောတယ်၊ ပိုဆိုးဒါက ရောဂါကျွမ်းသွားပြီ၊ ကုလို့မရတော့ဘူး၊ ခင်ဗျား လောကမှာ ကြာကြာ မနေရတော့ဘူး” ဟု ၀မ်းနည်း ကြေကွဲစွာ ရှင်းပြလိုက်သည်။

Edith က ဆရာဝန်အား “ဆရာ.. ဘာဖြစ်လို့ ၀မ်းနည်းနေရတာလည်း… ဘုရားသခင် တခါတလေ မှားတတ်တယ်လို့ ထင်သလား… ကျွန်မ အခု ယေရှုခရစ်တော်နဲ့ သွားတွေ့ရတော့မယ်၊ ဒါ့အပြင် ကျွန်မချစ်တဲ့ အမျိုးသား၊ သူငယ်ချင်းတွေ နဲ့လည်းတွေ့ရတော့မယ်… ထာဝရ အီစတာပွဲတော်ကို ကျွန်မ ဆင်နွဲခွင့် ရတော့မယ်… ဘာဖြစ်လို့ သည်လောက် သွားချင်စဖွယ် ကောင်းတဲ့ ခရီးသွားလက်မှတ်ကို ပေးဖို့ ဆရာ့မှာ ၀မ်းနည်းနေရဒါလည်း…. ” ဟု တည်ငြိမ်အေးဆေးစွာ ပြန်ပြောသည်။

သူမသည် Dr. Phillips ၏ ဆေးခန်းကို ကုသမှု ခံယူရန် လတိုင်းဆက်လာသဖြင့် လတိုင်း သူတို့ ပုံမှန်တွေ့ကြုံရ၊ စကားပြောကြရသည်။ ခရစ္စမတ် ရာသီရောက်တိုင်း Dr. Phillips သည် ဂျန္န၀ါရီလ (၃) ရက်နေ့ အထိ ဆေးခန်း ပိတ်သဖြင့် ထိုရက် များအတွင်း သူမကို တွေ့ခွင့် မရခဲ့ပါ။ ဂျန္န၀ါရီလ (၄) ရက်နေ့ ညနေပိုင်းတွင် သူမသည် ဆရာဝန် အား ဖုန်းခေါ်သည်။ သူမက “Happy New Year ပါ ဆရာ၊ ကျမ အခုဆိုရင် ဆေးရုံ ပေါ်မှာ အိပ်ရပြီ၊ ကျမ အိမ်ရောက်ဖို့ ပိုပို နီးလာပြီပေါ့ ဆရာရယ်၊ ကျေးဇူးပြုပြီးတော့ အီစတာ အကြောင်း သိချင်တဲ့ လူနာ ရှိရင် ကျမ နဲ့ တစ်ခန်းထဲမှာ ထားပေးဖို့ ဆေးရုံ တာဝန်ခံတွေကို ပြောပေးပါလား” ဟု အကူအညီတောင်းသည်။

သူမ၏တောင်းဆိုချက်အတိုင်း အီစတာအကြောင်း မသိနားမလည် ဖူးသော အမျိုးသမီး လူနာ တစ်ယောက်ပြီး တစ်ယောက် သူမ၏ ဆေးရုံ အခန်းဖော်အဖြစ်ရောက်လာကြသည်။ အချို့သည်လည်း ဆေးရုံမှ ဆင်းသွားကြ သောအခါ ကယ်တင်ခြင်းရသွားကြသည်။ သူမ ရှိသော အထပ်တွင် အလုပ်လုပ်သည့် ဆရာဝန်၊ သူနာပြု သူနာပြု အကူ မှအစ လူအားလုံးသည် Edith ကို ခင်တွယ်လာကြသည်၊ အထူးအဆန်း တအံ့တသြဖြစ်ကြသည်။ သူနာပြု ဆရာမကြီး (head nurse) ဖြစ်သော Phyllis Cross မှလွဲ၍ အားလုံးက သူမကို Edith Easter ဟု နာမည်ပေးသည်။

Phyllis ကတော့ သူ့ကိုယ်သူ ဘာသာတရားနှင့် ကင်းကင်းရှင်းရှင်း နေထိုင်သူ အဖြစ် မှတ်ယူပြီး Edith ၏ အီစတာ ဇတ်လမ်းကို လုံးဝစိတ်မ၀င်စားပါ။ သူမသည် စစ်ဆေးရုံတွင်လည်း သူနာပြု လုပ်ဖူးသည်၊ သုံးကြိမ်တိုင်တိုင် အိမ်ထောင်ပြုခဲ့ဘူးပြီး စိတ်ဓါတ်ရေးရာတွင် မာရေကြောရေရှိသူ၊ စာအုပ်ကြီးအတိုင်း၊ ဥပဒေ အတိုင်း သဝေမတိမ်း လိုက်နာတတ်သူဖြစ်သည်။

တစ်ခုသော မနက် Edith ကို တာဝန်ယူရသော သူနာပြု ဆရာမ နှစ်ဦး မနာမကျန်းဖြစ်သဖြင့် ဆေးထိုးပေးရန် Phyllis ရောက်လာသည်။ Edith က ထုံးစံအတိုင်း ပြုံးရွှင်စွာဖြင့် “ဘုရားသခင်က သင့်ကိုချစ်တယ်၊ ကျမလည်း သင့်ကို ချစ်တယ်၊ နေ့တိုင်း ဆုလည်းတောင်းပေးတယ်” လို့ ပြောလိုက်တယ်။ သူနာပြုဆရာမက “ကျမအတွက် ဆု တောင်းပေး မနေပါနဲ့၊ စိတ်လည်းမ၀င်စားဘူး၊ ဘာမှ ထူးလာမှာ မဟုတ်ဘူး” လို့ပြန်ပြောလိုက်တယ်။

Edith က “ဆရာမ ကယ်တင်ခြင်း ဆုကျေးဇူး မရမချင်း အဘ အိမ်တော်ကို ကျမ ပြန်ခွင့် မပေးပါနဲ့ လို့ ကျမ ဆုတောင်းထားတယ်” ဟု ပြန်ပြောရာ ဆရာမက “အင်း…ဒါဆိုရင် ရှင် ဘယ်တော့မှ သေမှာ မဟုတ်ဘူး” လို့ တိုတိုတုတ်တုတ် ပြန်ဖြေပြီး အခန်းထဲက ထွက်သွားတယ်။ အဲဒီနေ့က စပြီး Phyllis Cross ကို တွေ့တိုင်းတွေ့တိုင်း “ဘုရားသခင်က သင့်ကိုချစ်တယ်၊ ကျမလည်း သင့်ကို ချစ်တယ်၊ နေ့တိုင်း ဆုလည်းတောင်းပေးတယ်” ဟုပြောသည်။

ရက်အတန်ကြာ သောအခါ Phyllis Cross က “ကျမ Edith ရဲ့ အခန်းကို တစ်ရက် တစ်ခါ မသွားရရင် မနေနိုင်ဘူး၊ သံလိုက်က သံချောင်းကလေးတွေကို ဆွဲငင် သလို၊ ကျမရဲ့ စိတ်ကို အင်အားကြီးစွာ ဆွဲငင်ထား တယ် လို့ ခံစားရတယ်” ဟု ၀န်ခံသည်။ တစ်ရက် Phyllis Cross က “Edith ရှင် လူတိုင်းလူတိုင်း ကို အီစတာ အကြောင်း အမြဲတမ်းမေးလေ့ ရှိတယ်။ ကျမကို ကျတော့ ဘာဖြစ်လို့ မမေးဒါလည်း” ဟု မေးသည်။

Edith က “ကျမ.. ရှင့်ကို မေးဖို့ အကြိမ်ကြိမ် ကျိုးစားခဲ့ပါတယ်၊ ဒါပေမယ့် ဘုရားရှင် က ရှင်ကိုယ်တိုင် ဒီမေးခွန်းကို မေးလာတဲ့ အထိ မမေးဖို့ ကျမ ကို ပြောတဲ့အတွက်ကြောင့်ပါ၊ အခုတော့ ရှင် ကျမ ကို မေးပြီ..” Edith သည် သူ၏ အနက်ရောင်သားရေနှင့် ဖုံးထားသော ကျမ်းစာအုပ်ကို ယူပြီး Phyllis Cross အား အီစတာ နှင့် သခင်ယေရှု ၏ရှင်ပြန်ခြင်း အကြောင်း၊ သခင်ယေရှု ၏ရှင်ပြန်ခြင်းကြောင့် လူသားအားလုံး ကယ်တင်ခြင်း ရရှိသည့် အကြောင်း စိတ်ရှည်လက်ရှည် ရှင်းပြသည်။ ထို့နောက် သူမအား “ကဲ… အီစတာအကြောင်း ကတော့ ရှင်းပြပြီးပြီ… အီစတာ အကြောင်းယုံပါသလား၊ ယေရှုဟာ အသက်ရှင် နေတယ်… ရှင့် ရဲ့ နှလုံးသားထဲမှာ ၀င်ပြီးနေချင်ပါတယ်” လို့ ပြောလိုက်တယ်။

Phyllis Cross က “ဟုတ်ကဲ့ ကျမ နှစ်နှစ်ကာကာ၊ ကို ယုံကြည်ပါတယ်။ ယေရှုခရစ်တော်ကို လည်း ကျမရဲ့ ဘ၀ကို ပဲ့ကိုင် ထိမ်းကျောင်းပေးသူ အဖြစ် လက်ခံလိုပါတယ်” ဟု မျက်ရည်စက်လက် ဖြေရှာသည်။ ပထမဦးဆုံး အကြိမ်အဖြစ် Edith ၏ အခန်းတွင်းမှ ထွက်မရှောင်ဘဲ သူမပြောသည့် အရာ အားလုံး အစအဆုံး နားထောင်ခြင်း ပင်ဖြစ်သည်။

ထိုနေ့မှ နှစ်ရက် မြောက်သောနေ့ တွင် Phyllis Cross သည် သူမ ၏အခန်းသို့ ၀င်လာပြီး သည်နေ့ဘာနေ့လည်း သိသလား ဟုမေးလာသည်။ Edith က အထူးတဆန်းဖြစ်နေရာ Phyllis က သည်ညနေက Good Friday လေ၊ နောက် နှစ်ရက်ဆို အီစတာနေ့ရောက်တော့မယ် ဟုပြောရာ၊ Edith က မဟုတ်ဘူး၊ ရှင့် အတွက်ကတော့ နေ့ရက်တိုင်း နေ့ရက်တိုင်းဟာ အီစတာနေ့ ဖြစ်တယ်…. Happy Easter Phyllis!!.. ဆိုပြီးတော့ ပြန် နှုတ်ဆက်လိုက်တယ်။

နောက်နှစ်ရက် အီစတာနေ့မှာ Phyllis ဟာ သူ့ရဲ့ တာဝန်ဝတ္တရား အချို့ ပြီးတဲ့အခါ၊ ဆေးရုံ တဖက်ခြမ်းမှာ ရှိတဲ့ ပန်းရောင်းတဲ့ ဆိုင်ကလေးကို သွားပြီ အဖြူရောင်လီလီ ပန်းတစ်ချို့သွားဝယ်တယ်။ Edith တစ်ယောက် ပျော်သွားအောင် လီလီပန်းလေးတွေနဲ့ Easter wishing သွားလို့ဖို့ ပါ။

သူမရဲ့ အခန်းကို ၀င်လိုက်တဲ့အခါ Edith ဟာ သူမရဲ့ ကိုင်နေကျ အနက်ရောင် သမ္မာကျမ်းစာအုပ် ကလေးကို ဖွင့်လျက်ကိုင်ရင်း ယဲ့ယဲ့ကလေး ပြုံး နေတဲ့ မျက်နှာထားလေးနဲ့ ငြိမ်သက်နေတာကို တွေ့လိုက်ရတယ်။ သူမရဲ့ လက်ကောက် နဲ့ နားထင်ကို စမ်းသပ်လိုက်တဲ့အခါ အသက်ထွက်သွားပြီ ဆိုတာကို သိလိုက်ရတယ်။ ဖွင့် ထားတဲ့ ကျမ်းစာအုပ် အပေါ် သူမရဲ့ ဘယ်လက်ထိုးထားတာကတော့ ယော ၁၄း၂ (ငါ့အဘ၏ အိမ်တော်၌ နေစရာအခန်းများစွာရှိ၏။ သို့မဟုတ်လျှင် မဟုတ်ကြောင်းကို သင်တို့အားငါမပြောဘဲ မနေ၊ သင်တို့ နေစရာ အရပ်ကို ပြင်ဆင်ခြင်း ငှါ ငါသွား၏) နေရာဖြစ်ပြီး၊ ညာလက်ကတော့ ဗျာဒိတ် ၂၁း၎ (ဘုရားသခင်သည် သူတို့၏ မျက်စိ ၌ မျက်ရည် ရှိသမျှတို့ကို သုတ်တော်မူမည်။ နောက်တဖန် သေဘေး မရှိရ၊ စိတ်မသာ ညဉ်းတွားခြင်း၊ အော်ဟစ်ခြင်း၊ ပင်ပန်းခြင်းလည်း မရှိရ၊ အကြောင်းမူကား ရှေးဖြစ်ဘူးသော အရာတို့သည် ရွှေ့သွားကြပြီ) ဆိုသောနေရာကို တေ့ ထားသည်။

Phyllis Cross သည် ၀ိညာဉ် မဲ့ပြီ ဖြစ်သော Edith ၏ ခန္ဗာ ကို တချက်ငုံ့ကြည့် ပြီး အထက်သို့ တဖြည်းဖြည်း ခေါင်းမော့ကာ ကောင်းကင် ကို မျှော်ကြည့်လိုက်သည်။ မျက်စိ နှစ်စုံ မှ တလိမ့်လိမ့် စီးကျလာသော မျက်ရည်တို့ကိုကား ဆီးတားခြင်း ငှါမည်သို့မျှမတတ်နိုင်ပါ။ သူမ၏ နှုတ်မှ ချစ်သော Edith အား နောက်ဆုံး အနေနှင့် Easter wishing ကိုပေးလိုက်သည်။ “Happy Easter, Edith…. Happy Easter ပါ”…..

Phyllis Cross သည် အခန်းတွင်းမှ ငြင်သာစွာထွက်လာရာ Edith ၏ အခန်းတွင် တာဝန်ကျလေ့ရှိသော သူနာပြု ဆရာမ နှစ်ဦးကို အခန်းဝတွင် တွေ့သဖြင့် သူတို့နှစ်ဦးအားမေးလိုက်သည်။ “Hello, my name is Phillis Cross, do you believe in Easter?”

သောင်းနိုး (TN)

မှတ်ချက်။ Harvie Neatherlin ရေးသော AN EASTER PARABLE: EDITH EASTER   ကို ဆီလျော်အောင် ပြုပြင်ရေးသားထားပါသည်။

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s